မြန်မာရာဇဝတ်ဂိုဏ်းတွေရဲ့ အလိမ်ခံရတဲ့ အိန္ဒိယနိုင်ငံသား ၁၅ ဦး နေရပ်ပြန်ပို့

RFA Burmese
2023.07.26
မြန်မာရာဇဝတ်ဂိုဏ်းတွေရဲ့ အလိမ်ခံရတဲ့ အိန္ဒိယနိုင်ငံသား ၁၅ ဦး နေရပ်ပြန်ပို့ မြန်မာနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ရာဇဝတ်ဂိုဏ်းတွေရဲ့ အလိမ်ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသား ၁၅ ဦးကို နေရပ်ပြန်မပို့ခင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်။
Photo : Embassy of India, Yangon

မြန်မာနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ရာဇဝတ်ဂိုဏ်းတွေရဲ့ အလိမ်ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသား ၁၅ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့မှာ နေရပ်ပြန်ပို့လိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။

သူတို့ ၁၅ ဦးကို ရန်ကုန်လေဆိပ်ကနေ အိန္ဒိယနိုင်ငံ ဒေလီမြို့တော်ကို လေယာဉ်နဲ့ ပြန်ပို့လိုက်ပြီး အဲဒီကတစ်ဆင့် မူရင်းနေရပ်တွေကို ပြန်ပို့ပေးမှာလို့ ဆိုပါတယ်။

သူတို့ကိုကယ်တင်နိုင်ဖို့အတွက် မြန်မာနိုင်ငံက ကူညီပေးတာတွေကို ကျေးဇူးတင်ကြောင်းနဲ့ လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံသား ၃၇၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းလည်း အိန္ဒိယသံရုံးက ပြောထားပါတယ်။ ဘယ်လို ကယ်တင်ခဲ့တယ်ဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

အလားတူ အလိမ်ခံထားရတဲ့ အိန္ဒိယနိုင်ငံသားတွေကိုလည်း ကယ်တင်နိုင်ခဲ့ပြီး ဖေဖော်ဝါရီလမှာ ကိုးဦး၊ မတ်လမှာ နောက်ထပ် ရှစ်ဦးကို နေရပ်ပြန်ပို့နိုင်ခဲ့တယ်လို့ အိန္ဒိယသံရုံးက ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံသားတွေအနေနဲ့ သံသယဖြစ်စရာ အလုပ်ကမ်းလှမ်းချက်တွေကို ယုံကြည်ပြီး သွားမလုပ်ကြဖို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက သတိပေးထားပါတယ်။

အလိမ်ခံရတဲ့ အိန္ဒိယနိုင်ငံသားအများစုဟာ မြန်မာနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်ကြရတာ ဖြစ်ပြီး အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်းနဲ့ တခြားသူတွေရဲ့ အချက်အလက် ခိုးယူတာတွေ၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှုတွေနဲ့ အချစ်ရေးလိမ်လည်တဲ့ အလုပ်တွေကို လုပ်ကြရတယ်လို့ အိန္ဒိယသတင်းဌာနတွေက ရေးပါတယ်။

မြန်မာနိုင်ငံအပြင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေမှာလည်း အဲဒီလိုလိမ်လည်တဲ့လုပ်ငန်းတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။