စစ်တွေဆိပ်ကမ်း ဆက်လည်ပတ်နိုင်ဖို့ ကြိုးပမ်းနေကြောင်း အိန္ဒိယဝန်ကြီးပြော
2024.10.01
အိန္ဒိယအစိုးရဟာ အိမ်နီးချင်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတည်ဆောက်မှုတွေ ဆက်လက်မြှင့်တင်ဆောင်ရွက်နေတယ်လို့ အိန္ဒိယအစိုးရ ဆိပ်ကမ်းနဲ့ ရေကြောင်း ကုန်သွယ်ရေးဝန်ကြီး ဆာဘန်နန်ဒါ ဆိုနိုဝယ် (Sarbananda Sonowal)က ပြောကြောင်း Hindu Business Line သတင်းမှာ အောက်တိုဘာ ၁ ရက်နေ့က ဖော်ပြပါတယ်။
လက်ရှိ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အခြေအနေတွေက စိန်ခေါ်မှုတွေ ရှိပေမဲ့လည်း အိန္ဒိယအနေနဲ့ နှစ်နိုင်ငံစလုံးနဲ့ ဆက်ဆံရေး၊ ကုန်သွယ်ရေးတွေ တိုးမြှင့်ချိတ်ဆက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
Hindu Business Line သတင်းဌာနနဲ့ သီးသန့်မေးမြန်းချိန် ပြောဆိုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက စစ်တွေဆိပ်ကမ်းနဲ့ ကုလားတန်ဘက်စုံစီမံကိန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယအစိုးရဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း ကုလားတန်မြစ်ကြောင်းကနေတစ်ဆင့် အရှေ့မြောက်ပြည်နယ်တွေဆီကို ကုန်စည်ပို့ဆောင်မယ့် ကုလားတန်မြစ်ဘက်စုံသုံးစီမံကိန်းမှာ အရေးပါတဲ့ စစ်တွေဆိပ်ကမ်း ဆက်လည်ပတ်နိုင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့အတူ အလုပ်လုပ်နေတယ်လို့ ဝန်ကြီးက ပြောပါတယ်။
ဒီစီမံကိန်းဟာ အိန္ဒိယနိုင်ငံ ကာလကတ္တားဆိပ်ကမ်းကနေ စစ်တွေဆိပ်ကမ်းအထိ၊ စစ်တွေဆိပ်ကမ်းကနေ ချင်းပြည်နယ် ပလက်ဝမြို့အထိ ရေကြောင်းကနေ ကုန်စည်ပို့ဆောင်ပြီး၊ အဲဒီနောက် ပလက်ဝမြို့ကနေ အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေဆီကို ကုန်းလမ်းခရီးနဲ့ ပို့ဆောင်မယ့် စီမံကိန်းဖြစ်ပါတယ်။
အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပူးပေါင်းပြီး စစ်တကောင်းနဲ့ မုန်ဂလာဆိပ်ကမ်းတွေကနေတစ်ဆင့် ဂင်္ဂါမြစ်ကြောင်းအတိုင်း ဗာရာဏသီမြို့ဆီကို ကုန်ပစ္စည်းပို့ဆောင်ဖို့ စီမံကိန်းဆောင်ရွက်နေတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။