အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် မြန်မာပြည်ရောက်ရှိ

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Harsh Vardhan Shringla ဟာ မြန်မာနိုင်ငံကို ဒီညနေပိုင်းက ရောက်ရှိလာပါတယ်။ ဒါဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် အိန္ဒိယက အဆင့်မြင့်တာဝန် ရှိသူတယောက် မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ ခရီးဖြစ်ပါတယ်။

ဒီလ ၂၂ ရက်နဲ့ ၂၃ ရက် နှစ်ရက်တာ ခရီးစဉ်အတွင်း စစ်ကောင်စီ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်း အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အထောက်အကူပေးရေး၊ လုံခြုံရေးနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ရေးရာကိစ္စ ရပ်တွေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေတွေ ဆွေးနွေးမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မဏိပူနဲ့ နာဂဒေသက မကြာခင်ကဖြစ်ပွားတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အဓိက ကိစ္စတရပ်အဖြစ် ဆွေးနွေးမယ် လို့ အိန္ဒိယ PTI သတင်းက ဖော်ပြပါတယ်။ မြန်မာနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ အရှေ့မြောက်ဒေသက စစ်သွေး ကြွအုပ်စုတချို့ မြန်မာနိုင်ငံမှာ ခိုလှုံနေတာကို အိန္ဒိယက စိုးရိမ်မကင်းဖြစ်နေပါတယ်။