မဏိပူရ်ထောင်က လွတ်ရက်စေ့ မြန်မာအမျိုးသမီးနဲ့ ကလေးတွေ အစာငတ်ခံဆန္ဒပြ

RFA Burmese
2025.01.23
မဏိပူရ်ထောင်က လွတ်ရက်စေ့ မြန်မာအမျိုးသမီးနဲ့ ကလေးတွေ အစာငတ်ခံဆန္ဒပြ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဥ်းထောင်တွင် အကျဉ်းကျနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆ ဦးအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်စဥ်။
N.Biren Singh Photo

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဥ်းထောင်ထဲမှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ ရွှေ့ပြောင်းအလုပ်သမား မြန်မာအမျိုးသမီးနဲ့ ကလေးတွေဟာ ပြန်လွှတ်ပေးရေးအတွက် အစာငတ်ခံ ဆန္ဒပြနေကြတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ဇန်နဝါရီ ၂၃ ရက် ဒီနေ့ပြောပါတယ်။

သူတို့ဟာ တရားမဝင် နေထိုင်မှုနဲ့ ၂၀၂၂ ခုနှစ်ကတည်းက ထောင်ခြောက်လ ကျခံခဲ့ရပြီး အခုအချိန်အထိ ပြန်မလွတ်သေးတာလို့ ဆိုပါတယ်။

ဒါ့ကြေင့် ပြန်မလွတ်သေးတဲ့ မြန်မာအမျိုးသမီး ၂၂ ဦးနဲ့ ကလေး ရှစ်ဦးတို့ဟာ ဇန်နဝါရီ ၂၁ ရက်နေ့ကစပြီး အစာငတ်ခံ ဆန္ဒပြနေတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ထောင်အာဏာပိုင်တွေက ပြန်မလွှတ်သေးလို့ လွှတ်ပေးဖို့ ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ကလေးတွေရော၊ အမျိုးသမီးတွေပါ အစာငတ်ခံပြီး ပြန်လွှတ်ဖို့ တောင်းဆိုကြတာပေါ့။ ထောင်အာဏာပိုင်တွေကို ဘာကြောင့် ပြန်မလွှတ်သေးတာလဲလို့ မေးကြည့်တော့ တိတိကျကျ မပြောပါဘူး”

အကျဥ်းချခံနေရတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာသံရုံးရဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံသား စစ်မှန်ကြောင်း မိသားစုဝင်တွေက စစ်ကောင်စီတပ်ထံ မှတ်ပုံတင်နံပါတ် ပေးပို့ရသလို စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အတည်ပြုချက်နဲ့မှ ပြန်လည် လွတ်မြောက်ခွင့်ရမှာ ဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ ထောင်အာဏာပိုင်တွေက ချမှတ်တဲ့ ငွေဒဏ်၊ ထောင်ဒဏ် နှစ်ခုလုံး ကျခံပြီးဖြစ်ပေမဲ့ ထောင်ထဲမှာ ဆက်ပြီးနေထိုင်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ နယူးဒေလီက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ဇန်နဝါရီ ၅ ရက်နေ့က မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၂၆ ဦးကို မဏိပူရ်အာဏာပိုင်တွေက စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် မေလနဲ့ ဇွန်လအတွင်းမှာလည်း အင်ဖာအကျဥ်းထောင်က လွတ်ရက်စေ့ ရက်ကန်းလုပ်ငန်း လုပ်ကိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမား ၇၇ ဦးကို မဏိပူရ် အာဏာပိုင်တွေက စစ်ကောင်စီထံ ပြန်လွှဲပြောင်းပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။