မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဆိုင်းဖို့ အင်ဒိုနီးရှားသမ္မတ တိုက်တွန်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ အရေးကြီးကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo) က ပြောကြားလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ မေလ ၉ ရက်ကနေ ၁၁ ရက်‌နေ့အထိ ကျင်းပမယ့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် မေ ၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ပြည်သူတွေက ပဋ္ဋိပက္ခရဲ့ဓားစာခံဖြစ်လာတာကြောင့် အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရမှာ ဖြစ်တယ်လို့ ပြောတဲ့အကြောင်း Antara သတင်းက ဖော်ပြပါတယ်။

အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ပဋ္ဋိပက္ခဖြစ်ပွားတဲ့ နေရာတွေဆီကို လူသားချင်းစာနာမှု အကူအညီပေးဖို့ အတားအဆီးဖြစ်ရတာကို ဝမ်းနည်းကြောင်းလည်း အလေးအနက်ထား ပြောကြားပါတယ်။

မေလ ၇ ရက် မနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ လူသားချင်းစာနာမှု ထောက်ပံ့ရေးယာဉ်တန်း ပစ်ခတ်ခံရမှုကိုလည်း အင်ဒိုနီးရှား သမ္မတက ပြစ်တင်ရှုတ်ချပါတယ်။

ဒီဖြစ်ရပ်နောက်ကွယ်မှာ ဘယ်သူရှိမှန်း ရှင်းရှင်းလင်းလင်း မသိရဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောကြားကြောင်း ရိုက်တာသတင်းက မနေ့က ဖော်ပြပါတယ်။