ငွေလိမ်ဂိုဏ်းကပြန်လွတ်လာတဲ့ အင်ဒိုနီးရှားတွေကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးနေ
2025.01.19

ကရင်ပြည်နယ်၊ မြဝတီမြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လူကုန်ကူး ရောင်းစားခံထားရပြီး ပြန်လွတ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးကို ထိုင်းစစ်တပ်က ဇန်နဝါရီလ ၁၉ ရက်နေ့ မနက် ၁ နာရီကျော် ကင်းလှည့်နေတဲ့အချိန်မှာ ဖမ်းဆီးရမိတယ်လို့ မဲဆောက်ရဲတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ပါတယ်။
ဖမ်းမိတဲ့သူတွေထဲမှာ အမျိုးသား ၃၀ နဲ့ အမျိုးသမီး ၂ ဦး ပါတယ်လို့ဆိုပါတယ်။ သူတို့ကို သောင်ရင်းမြစ်ဘေးက ငွေလိမ်ဂိုဏ်းလုပ်ငန်းရှိတဲ့နေရာတွေကနေ ထိုင်းဘက်ကို ပြန်လွှတ်လိုက်တာပါ။ မြစ်ကူးပြီး ထိုင်းဘက်ကိုဝင်တဲ့အခါမှာ ထိုင်းစစ်တပ်၊ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိတာပါ။ သူတို့ကို မဲဆောက်ရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က RFA ကို ပြောပါတယ်။
"ညက ၁ နာရီကျော်မှာပေါ့၊ ချစ်ကြည်ရေးတံတား (၂) ဘက် သောင်ရင်းမြစ်နားက (၁၃) ဂိတ်ဘက်က ခရမ်းပြာရုံတို့၊ စတားကွန်းဖလက်ရုံဘက်ကနေ ထိုင်းဘက် ထစိုင်လွတ် (၄၈) ဂိတ်ဘက်ကို ကမ်းကူးတာမှာ ဖမ်းမိတာ။ အခု မဲဆောက်ရဲစခန်းမှာ စစ်ဆေးနေတယ်"
သူတို့ဟာ ပထမပိုင်းမှာ လုပ်ခလစာကောင်းတဲ့အလုပ်တွေရမယ်လို့ လိမ်လည်ခေါ်ယူခံရလို့ အဲဒီနေရာကို ရောက်သွားပါတယ်။ ပြီးတဲ့အခါ အကျဉ်းထောင်လို ခြံစည်းရိုးကာပြီး လက်နက်ကိုင်အစောင့်တွေနဲ့ ထိန်းချုပ်ထားတဲ့ အထပ်မြင့်အဆောက်အအုံတွေမှာ နေခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ ကနဦး သတင်းထုတ်ပြန်ချက်အရသိရပါတယ်။