ဒီနှစ်မိုးရာသီအတွင်း ကလေးငယ်တွေမှာ ဖြစ်ပွားနှုန်းမြင့်နေတဲ့ ပြင်းထန်တုပ်ကွေးနဲ့ ပြင်းထန်အဆုတ်ရောင်၊ လေပြွန်ရောင်ရောဂါကြောင့် အသက် ၅ နှစ်အောက် ကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်း ငါးခုထက်မနည်း ပိတ်ထားရတယ်လို့ ရန်ကုန်မြို့ခံတွေက ဇူလိုင်လ ၁၃ ရက်မှာ ပြောပါတယ်။
ပိတ်ထားတဲ့ ကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ KBTC INTERNATIONAL PRESCHOOL ကတော့ ကလေးမိဘတွေရဲ့ တောင်းဆိုမှုကြောင့် ကျောင်းတစ်ပတ် ပိတ်ပေးထားတာလို့ ကျောင်းတာဝန်ခံ ဆရာမတစ်ဦးက RFA ကို ပြောပါတယ်။
"ကျောင်းမှာလက်ခံထားတဲ့ကလေးတွေက အသက် ၄ နှစ်၊ ၅ နှစ်အရွယ် ကလေးတွေပါ။ ကျောင်းသား ၂၀ လောက်ရှိပါတယ်။ ကျောင်းသားမိဘတွေက ကျောင်းပိတ်ပေးဖို့ မေတ္တာရပ်ခံလာတာကြောင့် ဆရာမတွေ အစည်းအဝေးထိုင်ပြီး တစ်ပတ်လောက် ပိတ်ပေးထားလိုက်တာပါ။ ကျောင်းမှာတော့ အပြင်မှာကြားရသလို ဗိုင်းရပ်စ်ပိုးမိထားတဲ့ ကျောင်းသားတစ်ဦးမှ မရှိပါဘူး"
ဇွန်လကုန်ပိုင်းကစလို့ ပြင်းထန်တုပ်ကွေးရောဂါဟာ ကလေးငယ်တွေမှာ ဖြစ်ပွားမှု များနေပြီး ဆေးရုံ၊ ဆေးခန်းတွေမှာ လာရောက်ကုသမှု များပြားနေသလို ရန်ကုန်မြို့က မူကြိုကျောင်းတချို့လည်း ကျောင်းဆက်မဖွင့်ဘဲ ပိတ်ထားကြတာပါ။
တုပ်ကွေးဖြစ်သူတွေမှာ အရင်နှစ်တွေကထက် ပြင်းပြင်းထန်ထန် ခံစားရနိုင်တာကြောင့် မပေါ့ဆသင့်ဘူးလို့ ကျန်းမာရေးအသိပညာပေးမှုတွေလုပ်နေတဲ့ ဒေါက်တာ သူရိန်လှိုင်ဝင်းက သတိပေး ပြောဆိုပါတယ်။
"ဒီနှစ်တုပ်ကွေးက အရင်နှစ်တွေကထက် ပိုပြင်းထန်တယ်။ ပြင်းထန်တဲ့တုပ်ကွေးက နေပြီးတော့ ပြင်ထန်တဲ့ အဆုတ်လေပြွန်ရောင်ဖြစ်လာတာမျိုးပါ။ သေနိုင်လားဆိုတော့ ရောဂါဖြစ်တဲ့ကလေးတွေပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ်ခံအားကျနေတဲ့သူရယ်၊ နဂိုရောဂါအခံရှိတဲ့သူတွေမှာဆို တုပ်ကွေးလည်း သေနိုင်တယ်။ လေပြွန်ရောင်တဲ့ ရောဂါကလည်း သေနိုင်တယ်။ တုပ်ကွေးဖြစ်ပြီး လေပြွန်ရောင်လာတဲ့ကလေးတိုင်း၊ လူကြီးတိုင်းတော့ မသေနိုင်ပါဘူး"
အထူးသဖြင့် ကိုယ်ခံအားလည်း မဖွံ့ဖြိုးသေး၊ အဆုတ်ကလည်း လူကြီးတွေလောက် အားမကောင်းသေးတဲ့ အသက် ၅ နှစ်အောက် ကလေးတွေနဲ့ ကိုယ်ခံအားကျဆင်းပြီး အဆုတ်ရဲ့ စွမ်းဆောင်ရည်အားမကောင်းတဲ့ အသက် ၆၅ နှစ်အထက် သက်ကြီး ရွယ်အိုတွေက ပိုပြီးဂရုစိုက်ရမယ်လို့ သူကဆိုပါတယ်။
နှစ်စဉ်ဖြစ်နေတဲ့ အခုလိုရောဂါတွေဟာ အများစုကပြန်ကောင်းပြီး သက်သာလာနိုင် တာကြောင့် အရမ်းမစိုးရိမ်ကြဖို့လည်း ကလေးအထူးကု ဆရာဝန်တစ်ဦးက ပြောပါတယ်။
"ကလေးငယ်တွေဖျားနာမှုဟာ ရာသီဖျားဖြစ်ပြီး လိုင်းပေါ်မှာပြန့်နေသလို ရောဂါအသစ်၊ ပိုးအသစ်လည်း မဟုတ်ပါဘူး။ မွေးရာပါ နှလုံးအားနည်းတာမရှိရင် ကလေးက သွက်လက်တယ်၊ ဆော့ကစားနိုင်တယ်ဆိုရင် အာဟာရပြည့်ဝတယ်ဆိုရင် အရမ်းကြီး စိုးရိမ်စရာမလိုပါဘူး"
ရာသီဖျားရောဂါတွေဖြစ်တဲ့ တုပ်ကွေးရောဂါ၊ အဆုတ်ရောင် လေပြွန်ရောင်ရောဂါတွေဟာ အသက်ရှူလမ်းကြောင်းကပဲ ဖြစ်တာများလို့ ကိုဗစ်ရောဂါ ကာကွယ်ရေးနည်းလမ်းတွေ အတိုင်း ကာကွယ်လို့ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
လက်ရှိ ပြင်းထန်တုပ်ကွေးရောဂါ ဖြစ်ပွားသူအရေအတွက်နဲ့ စစ်ကောင်စီ ဝန်ကြီးဌာနရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။