ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ ကျောက်တော်မြို့နယ်တွေမှာ မနေ့က ဗုံးသီးပေါက်ကွဲတာ၊ လက်နက်ကျည် ထိမှန်တာတွေကြောင့် ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဘူးသီးတောင်မြို့နယ် စပါးထားကျေးရွာက အသက် ၆၆ နှစ်အရွယ် ဦးအောင်စိန်ထွန်းဟာ မနေ့ညနေက ကျွဲကျောင်းဖို့သွားရာကနေ သူ့အနီးမှာ ဗုံးသီးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီး ကျောက်တော်မြို့နယ် ကျားနက်ကန်ကျေးရွာက အသက် ၅၆ နှစ်အရွယ် ဒေါ်ကြာရွှေယဉ်ဟာလည်း မနေ့ည ၈ နာရီလောက်မှာ အိမ်ရှေ့ခန်းမှာ ရှိနေစဉ် ပေါင်မှာ ကျည်ဆံထိမှန်ခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။ သူတို့နှစ်ဦးကို ဒီနေ့မနက်က စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရပါတယ်။
ဘူးသီးတောင်မြို့နယ် စပါးထားကျေးရွာအနီးမှာ ပြီးခဲ့တဲ့ လတွေက နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို အစိုးရတပ်မတော်စစ်ကြောင်း ရွာအနီးက သွားလာတာရှိတဲ့အတွက် မတော်တဆ ကျန်ခဲ့နေခဲ့တဲ့ ဗုံးသီးပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒါ့အပြင် မနေ့ည ၈ နာရီလောက်မှာ မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာနဲ့ မဝေးတဲ့နေရာမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီဘက်ကနေလာတဲ့ ကျည်ဟာ ကျားနက်ကန်ကျေးရွာက ဒေါ်ကြာရွှေယဉ်ကို ထိမှန်တာဖြစ်နိုင်တယ်လို့လည်း ရွာသားတွေက ပြောပါတယ်။
ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာတဲ့ကိစ္စအပေါ် ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ စပါးထားကျေးရွာဘက်မှာ တပ်မတော်စစ်ကြောင်း သွားလာတာ မရှိသလို တောင်ဦးကျေးရွာဘက်က တိုက်ပွဲဖြစ်တဲ့နေရာဟာလည်း ရွာတွေနဲ့ဝေးတာကြောင့် ကျည်ထိမှန်စရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။
ဒီအကြောင်းအပြည့်အစုံကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် တင်ပြထားပါတယ်။
