နိုင်ငံခြားဘဏ်တချို့ စစ်ကောင်စီရဲ့ အင်း၀ဘဏ်နဲ့ အလုပ်ဆက်လုပ်နေ
ANZ၊ UOB၊ BIDV နဲ့ တခြားဘဏ်တွေအနေနဲ့ မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နိုင်ဖို့ ကူညီပေးနေတဲ့ အင်း၀ဘဏ်နဲ့ စီးပွားရေးဆက်လုပ်နေတာဟာ ခွင့်လွှတ်နိုင်စရာမရှိဘူးလို့ Justice for Myanmar က သတင်းထုတ်ပြန်ထားပါတယ်။
- 2022-11-02
-
-
-
ဩစတြေးလျနိုင်ငံအခြေစိုက် ANZ ဘဏ်၊ စင်္ကာပူအခြေစိုက် UOB ဘဏ်နဲ့ ဗီယက်နမ် အခြေစိုက် BIDV ဘဏ်တွေဟာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ အင်း၀ဘဏ်နဲ့ ငွေကြေး လွှဲပြောင်းမှုတွေလုပ်ခဲ့တယ်လို့ Justice For Myanmar က နိုဝင်ဘာလ ၂ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
လျှို့ဝှက်သတင်းအချက်အလက်တွေ ဖော်ထုတ်ရာမှာ နာမည်ကြီးတဲ့ Distributed Denial of Secrets အဖွဲ့က ထုတ်ပြန်ထားတဲ့ အင်း၀ဘဏ်မှတ်တမ်းဖိုင်တွေကို ကိုးကားပြီး Justice For Myanmar က ဖော်ပြခဲ့တာပါ။
အဲဒီဘဏ်တွေဟာ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့က စစ်ကောင်စီကို ဒဏ်ခတ် ပိတ်ဆို့ထားပြီးနောက်ပိုင်း အင်း၀ဘဏ်နဲ့ ငွေကြေးလွှဲပြောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အင်း၀ဘဏ်ဟာ စစ်ကောင်စီတပ်ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေ ထိန်းချုပ်ထားတဲ့ ဘဏ်နှစ်ခုထဲက တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်သားတွေကို လစာတွေပေးဖို့နဲ့ စစ်ကောင်စီတပ်ရဲ့ စီးပွားရေးကွန်ရက်တွေကို ပံ့ပိုးကူညီပေးဖို့အတွက် အသုံးပြုနေ တာဖြစ်တယ်လို့ Justice For Myanmar က ဖော်ပြပါတယ်။
ပေါက်ကြားလာတဲ့ အင်း၀ဘဏ် မှတ်တမ်းဖိုင်တွေထဲမှာ ပြည်တွင်း ရိုးမဘဏ်နဲ့လည်း အကြိမ်နှစ်ရာကျော် ငွေလွှဲထားတယ်လို့ အဲဒီသတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထား ပါတယ်။
နော်ဝေးဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းဖြစ်တဲ့ Norfund၊ စင်္ကာပူနိုင်ငံပိုင် ဓနရန်ပုံငွေနဲ့ ကမ္ဘာ့ဘဏ် အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) တို့ဟာ ရိုးမဘဏ်မှာ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ပါတယ်။
ANZ၊ UOB၊ BIDV နဲ့ တခြားဘဏ်တွေအနေနဲ့ မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နိုင်ဖို့ ကူညီပေးနေတဲ့ အင်း၀ဘဏ်နဲ့ စီးပွားရေး ဆက်လုပ်နေတာဟာ ခွင့်လွှတ်နိုင်စရာမရှိဘူးလို့ Justice for Myanmar က သတင်း ထုတ်ပြန်ထားပါတယ်။