အင်းဝအပ်ချုပ်ဆိုင်အမှု မိသားစု ၆ ဦးလုံးကို စွဲချက်တင်
2017.05.25
အိမ်အကူမိန်းကလေး ၂ ဦး ကို ညှဉ်းပန်းနှိပ်စက်ခဲ့တာနဲ့ ပတ်သက်ပြီး အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစု ၆ ဦးကို အနောက်ပိုင်းခရိုင်တရားရုံးက တစ်ဦးချင်းစီ ဆက်လက်ရင်ဆိုင်ရမယ့် ပုဒ်မတွေနဲ့ ဒီနေ့ စွဲချက်တင်လိုက်ပါတယ်။
ဒေါ်တင်သူဇာ၊ ဦးကိုကိုလတ်နဲ့ ဒေါ်သီရိလတ်တို့ရဲ့ရှေ့နေ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းမြင့်က ဒီကနေ့ အမှုစစ်ဆေးရာမှာ တစ်ယောက်ယောက်တော့ လွတ်မယ်လို့ထင်ထားခဲ့ပေမယ့် တရားရုံးက အားလုံးကို စွဲချက်တင်လိုက်တယ်လို့ ပြောပါတယ်။
"ဒီနေ့ စွဲချက်တင်တာကတော့ အမှုမှာတရားခံအားလုံးကို စွဲချက်တင်တယ်၊ ရှေ့နေတွေကတော့ ပြုတ် သင့်ပြုတ်ထိုက်တဲ့သူ ပြုတ်မယ်လို့မှန်းတယ်၊ ဒါပေမဲ့ တရားသူကြီးက သူ့သုံးသပ်ချက်နဲ့သူ အမှုအားလုံးမှာ တရားခံအားလုံးကို စွဲချက်တင်တယ်၊ တို့ရှေ့နေတွေကတော့ သုံးသပ်တာ ဒီစွဲချက်အဆင့်မှာ ဦးကိုလတ် နဲ့ ဒေါ်သီရိလတ်က ကြိမ်းသေပြုတ်ရမယ်လို့ ရှေ့နေအားလုံးက မျော်မှန်းကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့ကကိုယ်ထိ လက်ရောက်လည်း လုပ်တာမဟုတ်ဘူး၊ တစ်ခုရှိတယ် တစ်အိမ်တည်းနေတယ်၊ မတားဘူးဆိုတာကတော့ အိမ်ဘေးကလူတွေပါ ဆွဲထည့်ပါလား၊ ဒါမျိုးပေါ့ ဥပမာပြရင် အနီးနားမှာရှိတာနဲ့ အားပေးကူညီတယ် ပြောလို့မရဘူး၊ ဘေးနားမှာရှိတဲ့သူသည် အားပေးကူညီတာ ကာယကံ၊ ဝစီကံ၊ မနောကံ တို့နဲ့ အားပေးမှ အားပေးကူညီမှုမြောက်တယ်၊ အခုတော့ မဟုတ်ဘူး ဦးကိုလတ်တို့ ဒေါ်သီရိလတ် တို့က ဘေးနားမှာရှိတယ်ဆိုပြီး စွဲချက်တင်တယ်၊ ဒါနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း တရားလွှတ်တော်ကို တက်သင့်မတက်သင့်ကို အမှုသည်တွေနဲ့တိုင်ပင်ပြီးမှ ပြောလို့ရမယ်၊ ဒီကနေ့ကတော့ တရားသူကြီးက အမှု ၅ မှုလုံးကို စွဲချက်တင်လိုက်တယ်"
အင်းဝ အပ်ချုပ်ပ်ဆိုင် ပိုင်ရှင်မိသားစု ၆ ဦး လုံးထဲက ဒေါ်သီရိလတ်နဲ့ ဦးကိုကိုလတ်ကို လူကုန်ကူးမှု တာဆီးကာကွယ်ရေး ဥပဒေပုဒ်မ၊ အားပေးကူညီမှုပုဒ်မတွေနဲ့ စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။
ကျန်တဲ့ ဦးတင်ကိုလတ်၊ ဦးရာဇာထွန်း၊ ဒေါ်သီရိလတ်၊ ဒေါ်စုမွန်လတ်တို့ကိုတော့ လူကုန်ကူးမှု တာဆီးကာ ကွယ်ရေးပုဒ်မ၊ ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှု ဥပဒေပုဒ်မ၊ ခြိမ်းခြောက်ဟန့်တားမှု ဥပဒေပုဒ်မ၊ ညှဉ်းပန်းနှိပ်စက်မှု ဥပဒေပုဒ်မတွေနဲ့ ဆက်လက်ရင်ဆိုင်ဖို့ တရားရုံးက စွဲချက်တင်လိုက်ပါတယ်။
လာမယ့် ဇွန်လ ၈ရက်နေ့မှာ မိသားစုဝင် ၆ ဦးစလုံးကို ရုံးထုတ်မှာဖြစ်ပြီး အဲဒီနေ့မှာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးမှာဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး တရားလို တရားခံရဲ့နှစ်ဖက် သက်သေ ၁၃ ဦးစလုံးကို စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။