ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာရှိတဲ့ စက်မှုလက်မှုသိပ္ပံ GTI ကျောင်းမှာ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို ကာလတို၊ ကာလရှည်သင်တန်းတွေ ဖွင့်လှစ်ပြီး သင်ကြားပေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ပြောပါတယ်။
မိတ္ထီလာမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က အင်းစိန်စက်မှုလက်မှုသိပ္ပံ GTI ကို နယ်ပယ်စုံ စက်မှုအတတ်သင်သိပ္ပံအဖြစ် ပြန်လည်ထိန်းသိမ်းပြီး သင်တန်းကျောင်းအနေနဲ့ အကောင်အထည်ဖော်ဖို့ အစီအစဉ် ရှိ မရှိ ပြည်သူ့လွှတ်တော်မှာ မေးမြန်းရာမှာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ပြန်လည်ဖြေ ကြားခဲ့တာဖြစ်ပါတယ်။
"အင်းစိန် GTI ကြီးကို ကျနော်တို့က Polytechnic Institute အဖြစ် ဖွင့်လှစ်သွားနိုင်ရေးအတွက် အင်းစိန် GTI ပင်မဆောင်မှာ ရုံးလုပ်ငန်း အတတ်ပညာသင် သင်တန်းများ၊ ဟိုတယ်နဲ့ ခရီးဆိုင်ရာသင်တန်းများ၊ အခြား အသက်မွေးဝမ်းပညာဆိုင်ရာ သင်တန်းများ စသဖြင့် ပုံမှန်သင်တန်းများအပြင် ကျွမ်းကျင်မှုဆိုင်ရာ စံနှုန်း အဆင့်ဆင့်နဲ့အညီ ကာလတိုသင်တန်းများ၊ ကာလရှည်သင်တန်းများကိုပါ ဖွင့်လွှစ်ဆောင်ရွက်သွားရန် လျာထားပါတယ်၊ အင်းစိန်မြို့နယ်မှာရှိတဲ့ စက်မှုလက်မှုသိပ္ပံ GTI ကို Polytechnic အဖြစ် အကောင် အထည်ဖော် ဆောင်ရွက်သွားရန် ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်"
GTI ဝင်းထဲက အဆောက်အဦးတွေကို ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဌားရမ်းလုပ်ပိုင်ခွင့်ပေးခဲ့သလို အချုပ်ခန်းအဖြစ်လည်း အသုံးပြုခဲ့ကြောင်း ဦးဝင်းထိန်က ထည့်သွင်းပြောသွားပါတယ်။
အင်းစိန် GTI ကို ကိုလိုနီခေတ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၁၂၀ ပြည့်သွားပြီ ဖြစ်ပါတယ်။