ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်ရဲ့ ဘုရင့်နောင်လမ်းမဘက်မှာရှိတဲ့ မင်းစေတီ ဘေးဝင်ပေါက်အနီးမှာ ဇွန်လ ၆ ရက်နေ့ ညပိုင်းက ဗုံးဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ အကျဉ်းထောင်အနီးမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
ည ၈ နာရီ ၄၅ မိနစ်ကစပြီး ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့တာလို့ အင်းစိန်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ညပိုင်း ဖုန်းသုံးနေတဲ့အချိန် ၈ နာရီ ၄၅ လောက်မှာ ဗုံးကွဲသံစကြားတာ။ အဲဒီနောက် ဗုံးတွေထပ်ကွဲတယ်။ ထိခိုက်တာ ဒဏ်ရာရတာမျိုးတော့ ကျွန်မတို့လည်းမသိရဘူး"
အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်မှာရှိတဲ့ မင်းစေတီ ဘေးဝင်ပေါက်ဟာ ဝန်ထမ်းတွေ ရုံးတက်၊ ရုံးဆင်း အဝင်အထွက်လုပ်တဲ့ အပေါက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေရော၊ စစ်ကောင်စီဘက်ကပါ တစ်စုံတစ်ရာ ထုတ်ပြန်လာတာမျိုး မတွေ့ရသေးပါဘူး။
စစ်ကောင်စီကိုထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာတော့ အင်းစိန်ထောင်အနီး ဗုံးပေါက်ကွဲလို့ လုံခြုံရေးအဖွဲ့တွေ သွားရောက်စစ်ဆေးချိန် နောက်ထပ်နှစ်လုံး ထပ်ပေါက်ကွဲခဲ့ကြောင်းနဲ့ လူနဲ့ပစ္စည်း ထိခိုက်မှုမရှိဘူးလို့ ရေးသားဖော်ပြကြပါတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ရှစ်ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။