အင်းစိန်ထောင်မှာ အကျဉ်းချခံနေရတဲ့ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) က နိုင်ငံရေးအကျဥ်းသား ကိုကျော်ဇေယျ၊ ကိုမင်းခန့်ကျော်၊ ကိုပိုင်ထူးခန့်တို့ သုံးဦးအပါအဝင် အကျဉ်းသား ၇၀၀ ဝန်းကျင်ဟာ ဇန်နဝါရီ ဒုတိယအပတ်ထဲမှာ သရက်ထောင် အပါအဝင် အခြား အကျဉ်းထောင်အသီးသီးကို ပြောင်းရွှေ့ခံထားရတယ်လို့ ရေဘဝဲအဖွဲ့က RFA ကို ဒီနေ့ပြောပါတယ်။
ရေဘဝဲအဖွဲ့က နိုင်ငံရေးအကျဉ်းသား သုံးဦးအတွက် ထောင်ဝင်စာကို ထောင်အာဏာပိုင် တွေက ငြင်းဆိုခဲ့ရာကနေ အကျဉ်းသား ၇၀၀ ဝန်းကျင် ထောင်ပြောင်းရွှေ့ခံထားရတာကို သိရတာလို့ ရေဘဝဲအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကျနော်တို့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ သူတို့ကို ထောင်ဝင်စာ သွားတွေ့တော့ ထောင်ဝန်ထမ်းတွေက မရှိဘူး၊ မသိဘူး၊ ပို့မရဘူး ပြောတယ်။ ကိုယ့်နည်းကိုယ့်ဟန် နည်းပေါင်းစုံနဲ့ စုံစမ်းကြည့်တော့ ထောင်ဘက်က အထဲမှာ စာကပ်ထားပါတယ်။ အကျဉ်းသား ၇၀၀ ကို ထောင်ပြောင်းတဲ့ စာကပ်ထားတယ်။ အကျဉ်းသား ၇၀၀ လုံးက နိုင်ငံရေးအကျဉ်းသားလားဆိုတာတော့ မသိရသေးပါဘူး။ နိုင်ငံရေးအကျဉ်းသား ရေဘဝဲလူငယ် သုံးဦးတော့ သရက်ထောင်ကို ရောက်တယ်ဆိုတာတော့ သိထားရပါတယ်"
အခုလို ထောင်ပြောင်းရွှေ့တာကို မိသားစုဝင်တွေကို ကြိုတင်အသိပေးတာမျိုးမရှိဘဲ တိတ်တဆိတ်ပြောင်းရွှေ့ခဲ့တာကြောင့် မိသားစုဝင်တွေအနေနဲ့ ဆက်သွယ်ရေးပိုင်း အခက်အခဲရှိနိုင်သလို ပြောင်းရွှေ့ခံရသူတွေအနေနဲ့ နေထိုင်စားသောက်ရေးမှာလည်း အခက်အခဲတွေရှိနိုင်တယ်လို့ သူက ဆိုပါတယ်။
အကျဉ်းသားတွေကို ထောင်ပြောင်းရွေ့တာနဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။
ရေဘဝဲအဖွဲ့ဝင် လူငယ်သုံးဦးဟာ ၂၀၂၁ ခုနှစ်၊ မေလ ၃၀ ရက်နေ့က လှိုင်မြို့နယ်၊ သံလမ်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီလူငယ်တွေကို တစ်ဖက်နဲ့ တစ်ဖက် ပြစ်မှု ကျူးလွန်လာအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ဃ)၊ ပြည်သူပိုင်ပစ္စည်း ဖျက်စီးမှု စတဲ့ အမှုတွေနဲ့ လှိုင်မြို့နယ်တရာရုံးက ထောင်ဒဏ် ၁၃ နှစ်စီ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရသူ ၁၃,၆၁၃ ဦး၊ ထောင်ဒဏ်ချမှတ်ခံထားရသူ ၂၁၄၈ ဦး ရှိပါတယ်။