မြန်မာဟာ ကမ္ဘာပေါ်မှာ အင်တာနက်ဖြတ်တောက်မှု အများဆုံးနိုင်ငံ

RFA Burmese
2023.07.27
မြန်မာဟာ ကမ္ဘာပေါ်မှာ အင်တာနက်ဖြတ်တောက်မှု အများဆုံးနိုင်ငံ အင်တာနက်ဖုန်းလိုင်းများ မြန်နှုန်းအလျှော့ခံထားရသည့်ကြားမှ အင်တာနက်အသုံးပြုရန် ကြိုးစားနေသည့် နေပြည်တော် ဒေသခံတစ်ဦးအား တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းပိတ်ဆို့ ဖြတ်တောက်မှု အများဆုံးနိုင်ငံဖြစ်တယ်လို့ ဒီကနေ့ ရရှိတဲ့ Economy Online အွန်လိုင်းစီးပွားရေး အစီရင်ခံစာ သတင်းမှာ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး တစ်နိုင်ငံလုံးကို ရက်ခြားဆိုသလို အင်တာနက်ဖြတ်ထားရာကနေ အင်တာနက်ဝန်ဆောင်မှု ငါးမျိုးထဲက လူသုံးအများဆုံးဖြစ်တဲ့ မိုဘိုင်းဒေတာ၊ ဝိုင်ဖိုင်နဲ့ Broadband ဝန်ဆောင်မှုတွေကို ပိတ်လိုက်ပြီး ကေဘယ်ကြိုးသုံး အင်တာနက်နဲ့ စီးပွားရေးလုပ်ငန်းသုံး အင်တာနက် ဝန်ဆောင်မှု နှစ်မျိုးတည်းကိုသာ စစ်ကောင်စီက ခွင့်ပြုထားပါတယ်။

ဒ့ါအပြင် ကမ္ဘာ့နိုင်ငံတွေအတွင်း မြန်မာနိုင်ငံရဲ့ အင်တာနက်မြန်နှုန်းဟာ ၁၉ မီဂါဘိုက် Mbps နဲ့ အဆင့် ၁၃၄ မှာရှိနေတယ်လို့ အခုနှစ် ဇွန်လထုတ်ပြန်တဲ့ (Speedtest Global Index) ကမ္ဘာလုံးဆိုင်ရာ အင်တာနက်မြန်နှုန်းညွှန်းကိန်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စင်ကာပူနိုင်ငံက နံပါတ် ၁ နေရာမှာရှိပြီး အင်တာနက်မြန်နှုန်း ၂၄၇ မီဂါဘိုက် Mbps ရှိပါတယ်။ သူ့နောက်မှာ အာရပ်စော်ဘွားများနိုင်ငံ၊ ချီလီနိုင်ငံ၊ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတို့ရှိပြီး မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက နံပါတ် ၆ နေရာမှာရှိပါတယ်။ အနှေးဆုံးကတော့ အဆင့် ၁၈ဝ ရှိတဲ့ ကျူးဘားနိုင်ငံဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။