တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်

RFA Burmese
2024.01.22
တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ တိုက်ပွဲများအကြား ဘုန်းကြီးကျောင်းအချို့ ထိခိုက်ပျက်စီးသွားသည်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့ပေါ်မှာ ဇန်နဝါရီလ ၂၂ ရက် ဒီနေ့ မနက်ပိုင်းကစလို့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပြီလို့ မိုးမိတ်မြို့ကနေ နေရပ်စွန့်ခွာနေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ကအထိ မိုင်တဲလ်က သုံးလို့ရသေးတယ်။ ဒီမနက်တော့ မြို့ပေါ်မှာ ဘာဖုန်းလိုင်းမှ မရတော့ဘူးဗျ။ ရွာတွေလောက်မှာပဲ ရတော့တယ်။ မြို့ထဲက အခြေအနေတွေ ဘာမှ မသိရတော့ဘူး။ သေတဲ့လူတွေရော၊ ဒဏ်ရာရတာတွေရောရှိတယ်။ ပိတ်မိတဲ့သူ တွေလည်း ကယ်ထုတ်ပေးဖို့ အကူအညီတောင်းတာရှိတယ်။ ဘာမှ မကူညီနိုင်ဘူး။ အခုက အဆက်အသွယ်ပါ ပြတ်သွားပြီ”

မိုးမိတ်မြို့ပေါ်က ရဲစခန်းကို KIA ပူးပေါင်းအဖွဲ့တွေက ဇန်နဝါရီလ ၁၈ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကနေ တိုက်ပွဲတွေ ပြင်းထန်လာတာပါ။

တိုက်ပွဲတွေအတွင်း ပိတ်မိသွားတဲ့ အရပ်သား ဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ မိုးမိတ်မြို့က တပ်စခန်းတွေကို KIA ပူးပေါင်းအဖွဲ့က လာရောက် တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဇန်နဝါရီလ ၂၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ မိုးမိတ်မြို့ ရဲစခန်းနဲ့ နေရာအတော်များများကို သိမ်းပိုက်ထားပြီလို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ သိထားရသလောက်တော့ မနေ့က မနက်ပိုင်းအထိ မိုးမိတ်မြို့မရဲစခန်းနဲ့ စစ်တပ်ကုန်းတွေကို သိမ်းလိုက်ပြီဆိုတာမျိုး တော့ကြားပါတယ်။ နောက်ဆက်တွဲ သတင်းတွေကတော့ ဘာမှမကြားရသေးဘူး ဖြစ်နေတယ်”

တိုက်ပွဲအတွင်းမှာ KIA နဲ့ အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းပါဝင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တိုက်ပွဲကြောင့် မိုးမိတ်မြို့ပေါ်လူဦးရေ တစ်သောင်းကျော် ထွက်ပြေးနေပြီး အိမ်စောင့်အနေနဲ့ လူဦးရေ အနည်းငယ်သာ ကျန်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

မိုးမိတ်နဲ့ မိုင် ၃၀ ကျော်ဝေးတဲ့ မဘိမ်းမြို့ကိုလည်း KIA ပူးပေါင်းတပ်က ဇန်နဝါရီလ ၂၁ ရက်မှာ သိမ်းယူခဲ့သလို အဲဒီမြို့မှာလည်း ဖုန်းလိုင်းတွေ ပြတ်တောက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။