အင်းတော်မြို့မှာ အင်တာနက်အပြင် ဖုန်းလိုင်းပါ ဖြတ်တောက်ခံရ
အင်တာနက် ဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ်ကို ဇူလိုင် ၃၀ ရက်နေ့ကစပြီး တယ်လီဖုန်းလိုင်းပါ ထပ်ဖြတ်သွားတယ်လို့ အင်းတော် ဒေသခံတွေက ပြောပါတယ်။
လက်ရှိ အင်းတော်မြို့နယ် အနောက်ပိုင်း မော်လူးနဲ့ နန်စီးအောင်အုပ်စုဘက်က ရွာပေါင်း ၃၀ ကျော်မှာလည်း ဖုန်းလိုင်း လုံး၀ဆက်သွယ်မရဘူးလို့ အင်းတော် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မော်လူးနဲ့ နန်စီးအောင်အုပ်စုပေါ့ ရွာက ၃၀ လောက်တော့ ရှိမယ်ထင်တယ်။ အဲဘက်ကို လုံးဝကို ဆက်လို့မရတာ လေးရက်လောက်ရှိပြီ။ ဘာကြောင့်ဖြတ်ထားလဲ တော့ သေချာမသိဘူး။ ထင်တာက စကစတွေသွားတဲ့ လမ်းကြောင်းတွေကို ဖြတ်တယ် ဆိုတော့ အဲဘက်တွေကို သွားဖို့ ဖုန်းလိုင်းဖြတ်တာလားပေါ့။ နောက်ပြီးတော့ အဲဘက် တွေမှာနေတဲ့ သူငယ်ချင်းတွေ၊ အမျိုးတွေနဲ့လည်း ဖုန်းလိုင်းတွေမရှိတော့ အဆက်အသွယ် မရတော့ အခက်အခဲတွေ ဖြစ်တယ်ပေါ့”
အင်းတော်မြို့နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ထားတာ ငါးလလောက်ရှိပြီဖြစ်ပြီး ဖုန်းလိုင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အဖြတ်ခံရတာလို့ ဆိုပါတယ်။
အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံကလည်း အဲဒီဘက်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာလို့ ဖြတ်လိုက်တာဖြစ်မယ်လို့ ပြောပါတယ်။
“အခုလည်းဖြတ်ထားဆဲပဲ။ အင်းတော်အနောက်ဘက်အခြမ်းမှာ ဖြတ်ထားတာ။ အဲဘက်တွေမှာက တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာလို့ ဖြတ်လိုက်တာဖြစ်မယ်။ ဒီနေ့နဲ့ဆိုရင် လေးရက်ရှိပြီ။ အင်းတော်အရှေ့ဘက်ခြမ်းလည်း ပိတ်လိုက်၊ ဖွင့်လိုက်ပဲ။ တစ်ခါတလေ တစ်နေကုန်လုံးလည်း ပိတ်တယ်။ လိုင်းလည်းမကောင်းဘူး”
ဇူလိုင်လ ၃၀ ရက်ကနေ ဩဂုတ်လ ၂ ရက် မနေ့ကအထိ အင်းတော် အနောက်ဘက်ခြမ်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်နေ ပြီး ထိခိုက်မှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်နဲ့ ပင်လည်ဘူးမြို့နယ်တွေကိုလည်း စစ်ကောင်စီ က ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းပါ ဖြတ်တောက်ထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဩဂုတ်လကစလို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အပါအဝင် တိုင်းနဲ့ ပြည်နယ်ငါးခုကို စစ်ကောင်စီက အင်တာနက်လိုင်းတွေ လျှော့ချတာနဲ့ ဖြတ်တောက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။