ဧရာဝတီနဲ့ ရိုက်တာကို ဖွင့်ထားတဲ့ အမှုတွေ တပ်က ရုပ်သိမ်းမည်

ကျော်လွင်ဦး
2020-03-18
Share

ဧရာဝတီသတင်းဌာန မြန်မာပိုင်းအယ်ဒီတာ ဦးရဲနည်နဲ့ ရိုက်တာသတင်းဌာနတွေကို တပ်မတော်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထားပါတယ်။

ဒီအမှုတွေကို ပြန်ရုပ်သိမ်းမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးက ဒီနေ့ အကြောင်း ကြားလာတာဖြစ်ကြောင်း ကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောပါတယ်။

“သတင်းမီဒီယာကောင်စီက မေတ္တာရပ်ခံထားတာလည်း ရှိတယ်၊ စေ့စပ်ညှိနှိုင်းပေးနေတာလည်း ရှိပါတယ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ မီဒီယာတွေနဲ့ပတ်သက်ပြီး သတင်းမီဒီယာကောင်စီနဲ့ တွေဆုံစဉ်မှာ ပြောထားတာရှိပါတယ်၊ တပ်မတော်အနေနဲ့ မီဒီယာတွေကို စတုတ္ထမဏ္ဍိုင်အဖြစ် လက်ခံထားပြီး ဖြစ်ပါတယ်၊ စတုတ္ထမဏ္ဍိုင်အနေနဲ့ သတင်းမှန်တွေ ပြည်သူလူထုထံကို အထောက်အကူပြုစေဖို့ မီဒီယာဖွံ့ဖြိုးတိုးတက်စေဖို့၊ ဒါတွေရည်ရွယ်ပြီး ဆောင်ရွက်ပေးတာဖြစ်ပါတယ်”


ရုပ်သိမ်းလိုက်တဲ့အမှုတွေကတော့ ဧရာဝတီသတင်းဌာန အယ်ဒီတာ ဦးရဲနည်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယ ဗိုလ်မှူးကြီး ဇော်မင်းထွန်း တရားစွဲဆိုထားတဲ့အမှုနဲ့ ဇန်နဝါရီ ၂၅ ရက်နေ့က ရိုဟင်ဂျာတွေရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုပြီး သတင်းဖော်ပြခဲ့တာကြောင့် ရိုက်တာသတင်းဌာနကို ဖွင့်ထားတဲ့ အမှုတို့ဖြစ်ပါတယ်။

ရိုက်တာသတင်းဌာနအမှုကိစ္စကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ နှစ်ဘက်လုံးက တောင်းဆိုလာတာကြောင့် ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။

ဒီအမှုတွေကို သတင်းမီဒီယာကောင်စီက ကြားဝင်ညှိနှိုင်းဖြေရှင်းပေးတာကြောင့် အခုလို ပြေလည်မှုရသွားတာလို့ ကောင်စီအတွင်းရေးမှူး ကိုကျော်စွာမင်းက ပြောပါတယ်။

“ဧရာဝတီသတင်းဌာနက ဦးရဲနည်၊ ဒုတိယဗိုလ်မှူးကြီး ဇော်မင်းထွန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ထားတဲ့အမှုရယ်၊ ၂၅ ရက် တစ်လတုန်းက ရိုက်တာသတင်းဌာနက မြန်မာတပ်မတော်ကနေ ရိုဟင်ဂျာ ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သဖြင့် ရိုဟင်ဂျာအမျိုးသမီးနှစ်ဦး သေဆုံးတဲ့သတင်းဖော်ပြမှု အဲအမှု နှစ်မှုကို ဒီကနေ့ပဲ ရုပ်သိမ်းမယ်လို့ အကြောင်းကြားပါတယ်”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ မီဒီယာတွေကို စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုတာကြောင့် အမှုတွေရုပ်သိမ်းပေးတာလို့ ပြောပါတယ်။

“ကျနော်တို့သတင်းမီဒီယာကောင်စီက ကြားဝင် ညှိနှိုင်းပေးလို့ပါ၊ ကျနော်တို့အမြဲတမ်း ပြောနေတာရှိတယ်၊ သတင်းသမားတွေကို သတင်းမီဒီယာဥပဒေရှိတယ်၊ သတင်းမီဒီယာဥပဒေနဲ့သာ တရားစွဲဆိုပါလို့ အမြဲ ပြောဆိုနေတာ ရှိပါတယ်၊ ဒီကြားထဲမှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်ပဲ ဒီလိုမျိုး ဖြစ်နေတဲ့ ကိစ္စတွေကို မေတ္တာရပ်ခံစာ ပေးပို့တာရှိတယ်၊ ဒီအပေါ် မူတည်ပြီးတော့ တပ်မတော်ကနေ မီဒီယာတွေကို အခုလိုအမှုတွေ ရုပ်သိမ်းပေးတယ်လို့ ပြောတယ်”

သတင်းမီဒီယာတွေအနေနဲ့ တပ်မတော်နဲ့ပြည်သူကြား အထင်အမြင် လွဲမှားစေနိုင်တာတွေ၊ တစ်ဖက်သတ် ရေးသားတာတွေမလုပ်ဘဲ မျှမျှတတ ရေးသားမယ်ဆိုရင် တပ်မတော်နဲ့ သတင်းမီဒီယာကြား ဆက်ဆံရေး ပိုကောင်းလာမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဧရာဝတီသတင်းဌာန မြန်မာပိုင်းအယ်ဒီတာ ဦးရဲနည်ကို ဆက်သွယ်မေးမြန်းရာမှာတော့ သူအနေနဲ့ ဒီကိစ္စကို မသိရှိသေးတာကြောင့် မှတ်ချက်မပေးလိုသေးကြောင်း RFA ကို ပြောပါတယ်။

သတင်းမီဒီယာကောင်စီရဲ့ မေတ္တာရပ်ခံချက်၊ တပ်မတော်က သတင်းမီဒီယာတွေသမားတွေကို အမှုရုပ်သိမ်းတာကို ဝမ်းသာကြောင်းနဲ့ တပ်မတော်က မီဒီယာအပေါ်ထားတဲ့သဘောထားကို ကြိုဆိုတယ်လို့ ဦးရဲနည်က သူဖေ့စ်ဘွတ် မှာ ရေးသားထားပါတယ်။

Eleven သတင်းဌာနကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အမှုဖွင့်ခဲ့တာတွေရှိခဲ့ပေမယ့် ကောင်စီရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် တရားစွဲဆိုထားတဲ့အမှုကို ပြန်လည်ရုပ်သိမ်းထားပါတယ်။

သတင်းသမားတွေကို သတင်းမီဒီယာဥပဒေနဲ့ အရေးမယူဘဲ ဆက်သွယ်ရေးဥပဒေပုဒ်မတွေ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မတွေနဲ့ အရေးယူဖို့ ကြိုးစားနေတာကို ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်မှုတွေရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။