မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်နေတဲ့ အီတလီနိုင်ငံ အမှတ်တံဆိပ် အဝတ်အထည်လုပ်ငန်းတွေ ရုပ်သိမ်းဖို့ အီတလီအမျိုးသားဆက်သွယ်ရေးအဖွဲ့ (NCP) ကို တင်ပြတောင်းဆိုလိုက်တယ်လို့ ကမ္ဘာလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (IndustriAll Global Union) က ထုတ်ပြန်ပါတယ်။
Love Moschino နဲ့ OVS အမှတ်တံဆိပ်တွေအပါအဝင် အထည်ချုပ်လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်နေတဲ့အကြောင်းကို အီတလီအခြေစိုက်သမဂ္ဂသုံးခုနဲ့ NGO တစ်ခုက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း OEDC ကို တင်ပြတိုင်ကြားခဲ့တာလို့ ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဇူလိုင် ၁၇ ရက်နေ့မှာ ထုတ်ပြန်တာပါ။
အီတလီအမျိုးသားဆက်သွယ်ရေးအဖွဲ့ (NCP) ဟာ OECD ရဲ့ လမ်းညွှန်ချက်တွေကို ချိုးဖောက်တယ်ဆိုတဲ့ တိုင်ကြားချက်တွေကို ဖြေရှင်းပေးရတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူရေး တတိယအကြိမ် ညီလာခံက တောင်းဆိုချက်အတိုင်းဆောင်ရွက်နေတာလို့ ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Atle Høie က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ တတိယအကြိမ် ညီလာခံမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရရေး စီးပွားရေးပိတ်ဆို့မှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ တောင်းဆိုထားတာပါ။
တခြားနိုင်ငံတွေရဲ့ အမှတ်တံဆိပ်တွေလည်း မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ မတူညီတဲ့နည်းလမ်းတွေနဲ့ ဆောင်ရွက်နေကြောင်းလည်း ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်မရတဲ့အပြင် သမဂ္ဂခေါင်းဆောင်တွေ ဖမ်းဆီးခံနေရတယ်လို့ ကမ္ဘာလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ထောက်ပြ ထားပါတယ်။
ဒါကြောင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့နိုင်ငံမှာ လုပ်ကိုင်နေတာဟာမဖြစ်သင့်ဘူး လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ MADE in Myanmar စီမံချက်ကို ရပ်ဆိုင်းဖို့လည်း ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဇူလိုင် ၁၁ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်တောင်းဆို ထားပါတယ်။