စစ်တပ်ကို လေယာဉ်လောင်စာဆီတင်ပို့မှု တားဆီးပိတ်ပင်ဖို့ နိုင်ငံတကာကို AI တိုက်တွန်း

မြန်မာ စစ်တပ်ဆီ လေယာဉ်လောင်စာဆီတွေ မရောက်ဖို့ နိုင်ငံတကာက အရေးတကြီး တားဆီးပိတ်ပင်ရမယ်လို့ AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဒီနေ့ ဆော်သြ လိုက်ပါတယ်။

မြန်မာစစ်တပ်ကို လေယာဉ်လောင်စာဆီထောက်ပံ့ပေးနေတဲ့ ကွင်းဆက်မှာ ပါဝင်တဲ့ ကုမ္ပဏီတွေကို ဖော်ထုတ်ထားတဲ့ အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ AI က တိုက်တွန်းလိုက်တာပါ။

သေစေတဲ့ ကုန်စည် ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို အားပေးတဲ့ လောင်စာဆီ ပံ့ပိုးမှု ကွင်းဆက်တွေကို ဖော်ထုတ်ခြင်း Deadly Cargo: Exposing the Supply Chain that Fuels War Crimes in Myanmar အစီရင်ခံစာကို ထုတ်ပြန်တာပါ။ ၂၀၂၁ စစ်အာဏာ သိမ်းချိန်ကစလို့ ဝေးလံတဲ့ ဆိပ်ကမ်းတွေကနေ လောင်စာဆီတွေ ထွက်သွားတာကအစ အရပ်သားတွေသေကြေရတဲ့ ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်မှုအထိ ကြားကအဆင့်တိုင်းကို အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားပါတယ်။

အရပ်ဘက်လေကြောင်းသွားလာရေးအတွက်ပဲ သုံးရမယ့် လေယာဉ်လောင်စာဆီတွေကို စစ်တပ်ဘက် လွှဲပို့နေတာကိုလည်း AI က မှတ်တမ်းပြုစုထားပါတယ်။

စစ်ကောင်စီနဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေအကြောင်း စုံစမ်းဖော်ထုတ်နေတဲ့ JFM - Justice for Myanmar နဲ့ ပူးပေါင်းပြီး အစီရင်ခံစာထုတ်ပြန် တာလည်း ဖြစ်ပါတယ်။

Justice for Myanmar ကလည်း အာဆီယံနဲ့ စင်ကာပူတို့အနေနဲ့ စစ်ကောင်စီရဲ့ အကြင်နာမဲ့မှုတွေကို အားပေးနေတဲ့ လေယာဉ်ဆီထောက်ပံ့နေတာကို ရပ်တန့်ပြီး မြန်မာလေယာဉ်ဆီကုမ္ပဏီတွေကို ဒဏ်ခတ်အရေးယူပါလို့ ဒီနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။

အရပ်သားပစ်မှတ်တွေကို လေကြောင်းကတိုက်ခိုက်တာတွေ များလာတာကို တားဆီးဖို့ လောင်စာဆီပေးပို့နေတာ ရပ်ဆိုင်းလိုက်ဖို့ ကုမ္ပဏီတွေကိုလည်း AI က တိုက်တွန်းပါတယ်။