ကြိုးပေးကွပ်မျက်ခံခဲ့ရသူတွေကို ဥဩဆွဲ ဂုဏ်ပြုကြဖို့ စစ်အာဏာဆန့်ကျင်သူတွေ တိုက်တွန်း
2023.07.22
စစ်ကောင်စီရဲ့ ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ ဂုဏ်ပြုတဲ့အနေနဲ့ ဥဩဆွဲကြဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ဇူလိုင်လ ၂၃ ရက် မနက်ဖြန် မနက် ၁ဝ နာရီ ၅ မိနစ်အချိန်မှာ ရောက်တဲ့နေရာကနေ ဥဩဆွဲ ဂုဏ်ပြုတာတွေလုပ်ကြမယ်လို့ ရန်ကုန်သပိတ်ခေါင်းဆောင် ကိုနန်းလင်းက RFA ကိုပြောပါတယ်။
နေရာတချို့မှာ လမ်းမပေါ်ထွက် ဆန္ဒပြတဲ့လှုပ်ရှားမှုတွေ ရှိလာမယ်လို့လည်း ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ လုံခြုံရေးအခြေအနေစိုးရိမ်ရင် အွန်လိုင်းကနေ ပါဝင်လို့ရတယ်လို့လည်း ပြောပါတယ်။
ပထမဆုံး ကြိုးပေးကွပ်မျက်ခံရတဲ့ လေးဦးနဲ့အတူ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေကို ဂုဏ်ပြုကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုကလည်း ထုတ်ပြန်ထားပါတယ်။
မနက်ဖြန် ဂုဏ်ပြုအခမ်းအနားတွေကို အွန်လိုင်းကနေရော မြေပြင်မှာပါ ကျင်းပဖို့ရှိပါတယ်။
အထွေထွေ သပိတ်ကော်မတီက ဦးဆောင်ကျင်းပမဲ့ အွန်လိုင်း အခမ်းအနားကို NUG သမ္မတနဲ့ ဝန်ကြီးတွေလည်း တက်ရောက်ကြပါမယ်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့လေးဦးကို အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ကြိုးပေးကွပ်မျက်ခဲ့တာဖြစ်ပါတယ်။