ပုဏ္ဏားကျွန်းမှာ စစ်ကောင်စီတပ်နဲ့ AA စစ်သုံ့ပန်းချင်းလဲလှယ်

RFA Burmese
2023.01.18
ပုဏ္ဏားကျွန်းမှာ စစ်ကောင်စီတပ်နဲ့ AA စစ်သုံ့ပန်းချင်းလဲလှယ် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
ရက္ခိုင့်တပ်တော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကွမ်းတောင်ရွာနားမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ ဇန်နဝါရီလ ၁၅ ရက် နေ့လယ်နှစ်နာရီဝန်းကျင်က စစ်သုံ့ပန်းချင်း လဲလှယ်ခဲ့တယ်လို့ ဒေသခံ တွေက RFA ကို ဒီနေ့ ပြောပါတယ်။

စစ်ကောင်စီဘက်က ထိန်းသိမ်းထားတဲ့ AA တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ AA က ထိန်းသိမ်းထားတဲ့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင် ငါးဦးတို့ကို လဲလှယ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုယ်တိုင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီဘက်က AA က ဖမ်းထားတာ ငါးယောက်၊ အကုန်လုံး ရဲတွေပဲ။ တပ်ကြပ်ပါတယ်၊ နောက်ပြီး ဒုရဲအုပ်ပါတယ်။ နောက်ထပ်သုံးယောက်က ဒုတပ်ကြပ်ရယ်၊ တပ်သားတွေ ရယ်။ AA ဘက်ကတော့ နှစ်ယောက်ပေါ့”

နှစ်ဖက်စလုံးက ကားနှစ်စီးစီနဲ့ ကွမ်းတောင်ရွာနားမှာတွေ့ဆုံပြီး စစ်သုံ့ပန်းတွေကို လဲလှယ် ခဲ့ကြတာလို့ ဒေသခံက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကရော AA ဘက်ကပါ တစ်စုံတစ်ရာ သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက် အသွယ်မရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း အဲဒီကွမ်းတောင်ရွာနားမှာပဲ စစ်သုံ့ပန်းချင်း လဲလှယ်ခဲ့ကြပြီး နှစ်ဖက် ဗိုလ်မှူးအဆင့်တစ်ဦးစီနဲ့ တပ်သားတချို့ပါဝင်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း အခုလိုပဲ သုံ့ပန်းချင်းလဲလှယ်ခဲ့ပြီး AA ကတော့ သူတို့ဖမ်းဆီးထားတဲ့ စစ်သားနဲ့ ရဲ ၁၅ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲအတွင်း AA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီ တပ်က ဖမ်းဆီးထားတဲ့ ဒေသခံ တစ်ရာနီးပါးရှိပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ (၂)၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) တွေနဲ့ တရားစွဲခံထားရပါတယ်။

ဖမ်းဆီးတရားစွဲခံထားရတဲ့သူတွေထဲက ခုနစ်ဦးကို ဇန်နဝါရီလအတွင်းမှာ စစ်ကောင်စီ ဘက်က ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့သူတွေကတော့ လွတ်မြောက်လာတာ မရှိသေး ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။