ရန်ကုန်တိုင်း ဒလမြို့က ကိုယ်ကာယအားကစားဆုရှင် မသဲစုဟာ စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်စစ်တပ်၊ ရဲနဲ့ ထောက်လှမ်းရေးတွေရဲ့ မေးမြန်းစောင့်ကြည့်ခံနေရတယ်လို့ သိရပါတယ်။
နိုင်ငံကိုယ်စားပြုပြိုင်ပွဲတွေမှာ နိုင်ငံတကာအဆင့် ဆုတံဆိပ်တွေ ဆွတ်ခူးရရှိထားတဲ့ အသက် ၂၁ နှစ်အရွယ် မသဲစုရဲ့ဘဝအကြောင်း ရိုက်ကူးတင်ပြထားတဲ့ ရုပ်သံဖိုင်ကို RFA က ဇွန်လ ၁၃ ရက်နေ့ညမှာ ထုတ်လွှင့်လိုက်ပြီးနောက်ပိုင်း သန်းနဲ့ချီတဲ့ပြည်သူတွေရဲ့ ချီးကျူးဂုဏ်ပြုသံတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့ပါတယ်။
အဲဒီနောက် ပြည်တွင်းအခြေစိုက်မီဒီယာတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေက မသဲစု နေအိမ်ကိုသွားပြီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြသလို အကူအညီတွေလည်း အများအပြား ပေးခဲ့ကြပါတယ်။
ဒါ့အပြင် ပြည်ပမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတချို့ကလည်း မသဲစုကို ကူညီချင်တဲ့အကြောင်းတွေ RFA ကို ဆက်သွယ်ပြောဆိုကြပါတယ်။
ဇွန်လ ၁၅ ရက်နေ့မှာတော့ မီဒီယာတစ်ခုက မသဲစုအကြောင်း ရုပ်သံရိုက်ကူးနေတဲ့အချိန်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ လက်နက်ကိုင် အရပ်ဝတ် လူတစ်စုရောက်သွားပြီး၊ သူတို့ခွင့်ပြုချက်မရှိဘဲ ရိုက်လို့မရတဲ့ အကြောင်း ခြိမ်းခြောက်ပြောဆိုမောင်းထုတ်တယ်လို့ အဲဒီအကြောင်းကိုသိထားတဲ့ ဒလမြို့သားတွေက ပြောပါတယ်။
ဒီလူတွေဟာ စစ်ကောင်စီရဲ့ထောက်လှမ်းရေး၊ စစ်တပ်နဲ့ ရဲအဖွဲ့ကဖြစ်ပြီး သူတို့က မသဲစုကို နောက်နောင် သတင်းမီဒီယာတွေကို မဖြေကြားဖို့ အကျပ်ကိုင်ပြောဆိုတယ်လို့လည်း ဒေသခံတွေဆီကတဆင့်သိရပါတယ်။
နောက်ရက်တွေမှာလည်း အရပ်ဝတ်ထောက်လှမ်းရေးတွေ သူ့အိမ်နားဝန်းကျင်မှာ စောင့်ကြည့်နေတယ်လို့ ပြောကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဘာကြောင့်စောင့်ကြည်တာလဲဆိုတာသိရအောင် စစ်ကောင်စီအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
နောက်ဆက်တွဲအခြေအနေသိရအောင် ကာယကံရှင်မိသားစုကို ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။
မသဲစုဟာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်အဖွဲ့ဝင်ဖြစ်တဲ့အတွက် သူ့ရဲ့နည်းပြတွေကလည်း မီဒီယာကိုလက်ခံပြောဆိုလိုက်တဲ့သူ့ကို အပြစ်တင်ကြတယ်လို့သိရပါတယ်။
အခုဆိုရင် မသဲစုဟာ သတင်းမီဒီယာတွေနဲ့တွေ့ဖို့ ခက်သွားသလို သူ့ကိုချီးမြှင့်ကူညီတာတွေကိုလည်း လက်ခံဖို့ ခက်သွားတယ်လို့ သိရပါတယ်။