သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီစခန်းငါးခု တိုက်ခိုက်ခံရ

RFA Burmese
2024.10.04
သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီစခန်းငါးခု တိုက်ခိုက်ခံရ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ တပ်ဖွဲ့ဝင် နှစ်ဦးအား ဒရုန်းတစ်စင်းနဲ့အတူ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ သန်းခေါင်စာရင်း ကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီ စစ်စခန်းငါးခုကို အောက်တိုဘာ ၄ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပုလောမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၅) အနီးမှာရှိတဲ့ မိုင်ခရိုဝေ့တောင်၊ တိုရွာမှာရှိတဲ့ တာဝါတိုင်ကုန်း၊ မကျည်းကုန်းကျေးရွာအနီးက ကျောက်ဖားတောင်ဂိတ်၊ ပလရဲစခန်းနဲ့ မီးလောင်ချောင်းဂိတ် စတဲ့ စခန်းငါးခုက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်မှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို လုံခြုံရေးအဖြစ် လိုက်ပါပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေကို စစ်ကောင်စီက အဓမ္မသန်းခေါင်စာရင်းကောက်နေတာကို ကာကွယ်ဖို့ကြိုးစားတာလို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

"စကစရဲ့ သန်းခေါင်စာရင်းက ပြည်သူလူထုရဲ့ အခွင့်အရေးကို ချိုးဖောက်ပြီး အတင်းအဓမ္မ ကောက်ခံခြင်းဖြစ်တယ်၊ ဒါကြောင့် ဆက်လက်လုပ်ဆောင်ခြင်း မရှိအောင် ပြည်သူကို ကာကွယ်ဖို့ ကြိုးစားတာပါဗျ၊ တကယ်လို့ ဆက်ပြီးတော့ သန်းခေါင်စာရင်း ထပ်ကောက်နေမယ်ဆို ပါဝင်တဲ့ တစ်ယောက်ချင်းစီတိုင်း ကြီးလေးတဲ့ နောက်ဆက်တွဲ ဆိုးကျိုး ခံစားရမှာပါ"

ဒီတိုက်ခိုက်မှုမှာ မြိတ်ခရိုင်တပ်ရင်း (၁) နဲ့အတူ ပုလောမြို့နယ် ပကဖ ဒရုန်းတပ်စိတ် (Shadow Squad) အဖွဲ့လည်း ပါဝင်ခဲ့ပါတယ်။ ထိခိုက်သေဆုံးတဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ပုလောမြို့နယ်မှာ သူတို့ထိန်းချုပ်ထားတဲ့ မြို့ပေါ်ရပ်ကွ‌က်တွေဖြစ်တဲ့ အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ နဲ့ မကျည်းကုန်းကျေးရွာတွေမှာ သန်းခေါင်စာရင်းကောက်ယူနေတာဖြစ်တယ်လို့ ပြောပါတယ်။

ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် အမှတ် ၅ ရပ်ကွက်နဲ့ မကျည်းကုန်းကျေးရွာတွေမှာ သန်းခေါင်စာရင်းကောက်ယူတာ ရပ်နားသွားတယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ လူအင်အား လေးသောင်းနှစ်ထောင်ခန့် အသုံးပြုပြီး စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနေတာဖြစ်ပါတယ်။ စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူတာကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ကန့်ကွက်ထားပြီး သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်သူတွေကို အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။