စစ်ကောင်စီက ဗိုလ်ချုပ်ဇင်မင်းထက်ကို ရဲချုပ်နေရာက ဖယ်ရှားလိုက်ပြီး တြိဂံဒေသ တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ရဲချုပ်အဖြစ် ဇူလိုင်လ ၂၁ ရက်က ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ရဲချုပ်တာဝန်အပြင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်း ပူးတွဲခန့်အပ်ခဲ့ပါတယ်။
ဥရောပသမဂ္ဂ (EU) ရဲ့အရေးယူပိတ်ဆို့ခံထားရတဲ့ ဗိုလ်ချုပ်ဇင်မင်းထက်ကိုတော့ စစ်ဘက်တာဝန်ကနေ အနားပေးလိုက်ပြီး အားကစားနဲ့ လူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။
ယခင် အားကစားနဲ့ လူငယ်ရေးရာ ဒုဝန်ကြီး ဒေါက်တာစိုးဝင်းကိုတော့ စစ်ကောင်စီ ဥက္ကဋ္ဌ ရုံး ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တာပါ။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ရဲချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၂ ခုနှစ် မေလမှာ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ရဲချုပ်အဖြစ်က အနားပေးပြီး ဗိုလ်ချုပ်ဇင်မင်းထက်ကို ရဲချုပ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။