တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်ရပ်တာ တစ်နှစ်ထပ်တိုးကြောင်း စစ်ကောင်စီကြေညာ
2023.01.01

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး တစ်နှစ်ထပ်တိုးတယ်လို့ စစ်ကောင်စီက ၂၀၂၂နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှာ ကြေညာပါတယ်။
လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားတွေကို နှောင့်ယှက်ထိပါးချိန်ကလွဲလို့ စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်စဲပေးတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီကြေညာချက်ထဲမှာ အချက် ရှစ်ချက်ပါဝင်ပြီး တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိ ရေးအတွက် NCA ပါ သဘောတူညီချက်တွေကို အလေးထားလုပ်ဆောင်ဖို့၊ လက်တွေ့ကျ တဲ့ ငြိမ်းရေးဆွေးနွေးမှုတွေဆက်လုပ်ဖို့နဲ့ ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးအတွက်ပါ ဆက်လက်အကောင်အထည်ဖော်မယ်လို့ ပါရှိပါတယ်။
ဒီအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နေတဲ့ သက်ဆိုင်သူတွေအနေနဲ့လည်း လက်တွေ့ကျကျ အကောင်အထည်ဖော်ရာမှာ ဝိုင်းဝန်းကြိုးပမ်းကြဖို့လည်း တိုက်တွန်းထား ပါတယ်။
စစ်တပ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲပေးခဲ့တာ အခုတစ်ကြိမ် နဲ့ဆို ငါးနှစ်ရှိပြီလို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။
အပစ်အခတ်ရပ်စဲနေတယ်လို့ ကြေညာပေမယ့်လည်း ၂၀၂၂ ခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့သလို လေကြောင်း တိုက်ခိုက်မှုတွေပါ ရှိခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး ( UN OCHA) ရဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ နှစ်နှစ်နီးပါး ကာလအတွင်း ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သန်းကျော်ရှိလာပြီ ဖြစ်ပါတယ်။