မြန်မာစစ်တပ်ကို လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်းတွေ မလွှဲပြောင်းဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း
2024.10.01
မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ ရပ်တန့်စေဖို့အတွက် မြန်မာစစ်တပ်ကို လေယာဉ်လောင်စာဆီအပါအဝင် လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ ဆက်စပ်ပစ္စည်းတွေ လွှဲပြောင်းခြင်းမပြုဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ နျူကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးနေ့ အထိမ်းအမှတ်အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
နျူကလီးယားလက်နက်မပိုင်တဲ့ နိုင်ငံတွေကို နျူကလီးယားပိုင်တဲ့နိုင်ငံတွေက ဘယ်လိုပုံစံနဲ့ ခြိမ်းခြောက်မှုတွေ ရှိပါစေ ရှုတ်ချကြောင်းနဲ့ ဒီလက်နက်အသုံးပြုတာဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ချိုးဖောက်တာပဲလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
နျူကလီးယားသုံးတာဟာ လူသားချင်းစာနာမှုကို ဆိုးဆိုးဝါးဝါး ဖောက်ဖျက်တာဖြစ်သလို သဘာဝပတ်ဝန်းကျင်အတွက်လည်း နောက်ဆက်တွဲဆိုးကျိုးတွေရှိလို့ အလုံးစုံဖျက်သိမ်းဖို့ အရေးကြီးတယ်လို့ လည်း သူက ထောက်ပြ ပြောဆိုပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက လေကြောင်းအပါအဝင် လက်နက်ကြီးနဲ့ အသုံးပြုတိုက်ခိုက်ခံရတာတွေကြောင့် ဒီလိုလက်နက်တွေရဲ့ အန္တရာယ်ကို မြန်မာပြည်သူတွေအနေနဲ့ သိရှိနားလည်ပြီး ဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
စစ်ကောင်စီက ရုရှားနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ လုပ်ဆောင်နေပါတယ်။
ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ကာနီး ၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က နားလည်မှု စာချွန်လွှာထိုးခဲ့တဲ့ ရုရှား-မြန်မာနျူကလီးယားစွမ်းအင် အသုံးချရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ရပ်တန့်ခဲ့တာပါ။
တစ်ဆက်တည်းမှာပဲ NLD အစိုးရက နျူကလီးယား လက်နက်တားဆီးပိတ်ပင်ရေး ဆိုင်ရာစာချုပ်၊ နျူကလီးယားလက်နက်စမ်းသပ်မှု ပိတ်ပင်ရေးဆိုင်ရာစာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နျူကလီးယား အသုံးချရေးကို စစ်ကောင်စီက ပြန်လည် အသက်သွင်းလာတာ ဖြစ်ပါတယ်။