မိုးဗြဲမြို့ကို ထိန်းချုပ်ဖို့ စစ်ကောင်စီအပြင်းအထန်ထိုးစစ်ဆင်

RFA Burmese
2025.01.24
မိုးဗြဲမြို့ကို ထိန်းချုပ်ဖို့ စစ်ကောင်စီအပြင်းအထန်ထိုးစစ်ဆင် ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက ထိုးစစ်ဆင်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ခုခံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တာဝန်ရှိသူတွေက ပြောပါတယ်။

မိုးဗြဲမြို့ကို စစ်ကောင်စီ ပြန်မထိန်းချုပ်နိုင်သေးဘဲ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေဆဲပဲလို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ ပြောခွင့်ရသူ တာအယ်စိုးက ပြောပါတယ်။

"မိုးဗြဲကတော့ နှစ်ဖက်ထိတွေတိုက်ပွဲတွေဖြစ်နေတုန်းပါပဲ၊ ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတုန်းပဲ၊ စစ်ကောင်စီဘက်က မိုးဗြဲကိုထိန်းချုပ်နိုင်တယ်ဆိုတာက ဒါက ကောလဟာလပဲပေါ့၊ မိုးဗြဲမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာမှန်တယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ခုခံတိုက်ခိုက်နေတဲ့ အခြေအနေဖြစ်ပါတယ်"

စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဒရုန်းတွေ သုံးပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။ နှစ်ဘက်ထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။

စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ်စာမျက်နှာတွေမှာ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ရေးသားဖြန့်ဝေနေကြတာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့ကတည်းက အင်အား လေးရာဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဖယ်ခုံမြို့ကနေ မိုးဗြဲမြို့ကို စစ်ကြောင်းထိုး ဝင်ရောက်ဖို့ ကြိုးစားနေတာကြောင့် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာလို့လည်း ဆိုပါတယ်။

မိုးဗြဲမြို့က တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ် နိုဝင်ဘာမှာ စတင်ခဲ့တဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ အဲဒီကာလက ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ မိုးဗြဲမြို့မှာ ပြန်လည်နေထိုင်နေရာကနေ အခုတစ်ကြိမ် တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတွေကို ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက လက်လွှတ်ခဲ့ရတဲ့ ဒေသတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကြောင်းတွေ ပြန်ထိုးနေတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။