စစ်ကောင်စီတပ်နဲ့ KNU တိုက်ပွဲကြောင့် ကျုံဒိုးမြို့ဒေသခံငါးထောင်ကျော် ထွက်ပြေး
2023.01.25
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး ကျုံဒိုးမြို့ပေါ် နဲ့ ကျေးရွာတွေက ဒေသခံငါးထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ကျုံဒိုးမြို့ခံတွေက RFA ကို ပြောပါတယ်။
ကျုံဒိုးမြို့ မိဂလိုရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ဇန်နဝါရီလ ၂၃ ရက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာတော့ ကမ်းနီရွာနဲ့ ကော့ကာရွာမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကတိုက်ပွဲဖြစ်တာက မိဂလိုရွာမှာ။ ၂၃ ရက်နေ့မှာလည်း တိုက်ပွဲဖြစ်တယ်။ ကော့ကာရွာမှာလည်း ဖြစ်ကြတယ်။ ကမ်းနီရွာနဲ့ ကော့ကာရွာမှာတော့ ဒီနေ့အထိ တိုက်ပွဲတွေဖြစ်နေသေးတယ်။ ကမ်းနီ၊ မိဂလိုနဲ့ ကော့ကာရွာတွေကတော့ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ ခန့်မှန်းအရဆိုရင်တော့ ငါးထောင်ကျော်တော့ရှိနိုင်တယ်။ မိဂလိုနဲ့ ကမ်းနီက ရွာကြီးတွေ”
စစ်ကောင်စီတပ်က ကျုံဒိုးမြို့ ကမ်းနီ၊ ကော့ကာနဲ့ မိဂလိုရွာတွေမှာ တပ်စွဲထားတယ်လို့ သူက ဆိုပါတယ်။
ကျုံဒိုးမြို့ပေါ်နေထိုင်သူတွေအပြင် ကမ်းမလိုက်၊ မာလာတော၊ တလွဲထော်၊ ကော့ကွေး၊ မိဂလို၊ ကော့ကာ၊ ကမ်းနီ၊ ကော့ကြိုက်၊ ရွာကလေး၊ ကျောက်ဖျာ၊ မြေနီကုန်း၊ ကော့ဘိန်း၊ ကော့ပေါက်၊ ငှက်ပျောတော စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ဘုရားသုံးဆူမြို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်ကို စစ်ကူလာတဲ့ စစ်ကြောင်းကို ဇန်နဝါရီလ ၂၃ ရက်မှာ ကြားဖြတ် တိုက်ခိုက်ရာကနေ ဒီနေ့အထိ တိုက်ပွဲ ဖြစ်ပွားနေတာပါ။
တိုက်ပွဲအတွင်း နှစ်ဖက်လုံးမှာ သေဆုံးထိခိုက်မှုတွေရှိနေတယ်လို့ KNU ပူးပေါင်းတပ်ဖွဲ့ဝင် တချို့က ပြောပါတယ်။
ကျုံဒိုးမြို့မှာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း (၅၄၅)၊ (၅၄၆) တွေရှိပြီး အဲ့ဒီတပ်တွေ က ဇန်နဝါရီလ ၂၄ ရက် ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာ တချို့မှာ လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီ့အပြင် ဇန်နဝါရီလ ၂၅ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ကျုံဒိုးမြို့ ကမ်းနီရွာအနီးကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျုံဒိုးမြို့မှာ တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်လို့ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ကရင်ပြည်နယ်မှာ ဒေသခံ တစ်သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။