ပင်လယ်ပြင်လေ့ကျင့်ရေးလုပ်မယ်လို့ စစ်ကောင်စီထုတ်ပြန်

RFA Burmese
2024.10.15
ပင်လယ်ပြင်လေ့ကျင့်ရေးလုပ်မယ်လို့ စစ်ကောင်စီထုတ်ပြန် စစ်ကောင်စီရဲ့ စစ်ရေယာဉ်တစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က ရခိုင်ကမ်းရိုးတန်း ဘင်္ဂလားပင်လယ်ပြင်တွင် တွေ့ရစဉ်။
Myanmar Military

ရေကြောင်းလုံခြုံရေး ပင်လယ်ပြင် လေ့ကျင့်ခန်းကို ကပ္ပလီပင်လယ်ပြင်မှာ အောက်တိုဘာ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ဆောင်ရွက်မယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပင်လယ်ပြင်မှာ မြေပြင်၊ ဝေဟင်နဲ့ ရေအောက်လေ့ကျင့်ခန်းတွေ လက်တွေ့လေ့ကျင့်ပစ်ခတ်တာတွေ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ပြောပါတယ်။

လေ့ကျင့်ရေးကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေဖို့ လေ့ကျင့်ရေးနေရာရဲ့ ငါးမိုင်ပတ်လည်မှာ သင်္ဘောတွေ၊ ကုန်တင်စက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့လည်း စစ်ကောင်စီက သတိပေးထားပါတယ်။

လေယာဉ်၊ ရဟတ်ယာဉ်တွေအနေနဲ့လည်း လေ့ကျင့်ခန်းဆောင်ရွက်နေချိန်အတွင်း အမြင့်ပေ တစ်သောင်းခွဲအောက် ဖြတ်ကျော်ပျံသန်းတာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကမ်းခြေစောင့်တပ်ဖွဲ့ကို ရေယာဉ်၊ လက်နက်၊ ပစ္စည်းကိရိယာတွေနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ အောက်တိုဘာ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် တည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်းအနားမှာ ပြောထားပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့အနေနဲ့ ပင်မကမ်းခြေကမ်းရိုးတန်းကနေ သီးသန့်စီးပွားရေးဇုန်အထိ ဝေဟင်၊ ရေပြင် ကာကွယ်စောင့်ရှောက်နိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့ တပ်ဖွဲ့ဖြစ်လာအောင် ရည်မှန်းဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ပင်လယ်ကမ်းရိုးတန်း ရေမိုင် ၁၃ဝဝ ဝန်းကျင်ရှိပြီး ရေပြင်နယ်နိမိတ် စတုရန်း ရေမိုင် တစ်သိန်းလေးသောင်းကျော် (၁၄၃၁၁၀.၇၂) ရှိတာကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့ကို အင်အားတိုးချဲ့သွားဖို့ လိုအပ်တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း စစ်ကောင်စီ ရေတပ်ဟာ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံက ရေတပ်တွေနဲ့ ကပ္ပလီပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်ခန်းတွေ သီးခြားစီ လုပ်ဆောင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။