ရုရှားနိုင်ငံကနေ လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို အပြည့်အ၀ ကာကွယ်ပေးသွားမယ်ဆိုတဲ့ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးရဲ့ ပြောဆိုမှုဟာ လက်တွေ့မှာ လုံးဝမဖြစ်နိုင်ဘူးလို့ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) အဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင်အချို့က RFA ကို ပြောပါတယ်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ဇန်နဝါရီ ၂၇ ရက်ကကျင်းပတဲ့ စတုတ္ထအကြိမ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်အတွင်း ရုရှားရင်းနှီးမြှုပ်နှံမှုတွေကို အပြည့်အဝကာကွယ်ပေးမယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောခဲ့တာပါ။
စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းတဲ့ တရုတ်စက်ရုံတွေအပါအဝင် နိုင်ငံတကာက စက်ရုံတွေကို မကာကွယ်နိုင်ခဲ့လို့ အာဏာသိမ်းသုံးနှစ်အတွင်း လုပ်ငန်းရှင်တွေ ထွက်သွားခဲ့ရတဲ့သာဓက ရှိတယ်လို့ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) အဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
"စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်အတွင်း နိုင်ငံရှစ်ခုက နာမည်ကြီးအဝတ်အထည် တံဆိပ် ၁၂ ခု မြန်မာနိုင်ငံကနေ ထွက်သွားရတယ်၊ တံဆိပ်တွေတော့ အကုန်မမှတ်မိတော့ဘူး၊ နိုင်ငံတွေကတော့ ဂျပန်၊ ဂျာမနီ၊ ဗြိတိန်၊ စပိန်၊ ဩစီ၊ အီတလီ၊ ဆွီဒင်နဲ့ အိုက်ယာလန်တို့ ပါတယ်လို့မှတ်ထားမိတယ်။ ဒီအချိန်မှာ ရုရှားက ရင်းနှီးမြှုပ်နှံသူတွေကို အပြည့်အဝ အကာအကွယ်ပေးသွားမယ်ဆိုတော့ တကယ့်စီးပွားရေးသမားတွေက ယုံမလားဗျာ။ သူတို့လည်း ဒီနိုင်ငံကသတင်းတွေ ဖတ်မှာပဲလေ။ ကျွန်တော်ပြောချင်တာက စစ်ကောင်စီဟာ သူဖွဲ့ထားတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ကိုတောင် မကာကွယ်နိုင်တာ ဘယ်လိုလုပ် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ကာကွယ်ပေးနိုင်မှာလဲ"
ရုရှားနဲ့ မြန်မာနိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံခရီးစဉ်အတွင်း လက်မှတ်ရေးထိုး ခဲ့တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
ရုရှားနိုင်ငံကလည်း ရုရှားနဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်မှု၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ပညာရေးကဏ္ဍတွေမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ နေ့က ပြောဆိုထားပါတယ်။
နိုင်ငံရေးလေ့လာသူတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတွေကြားမှာ ဝေဖန်မှုတွေနဲ့ ပိတ်ဆို့အရေးယူတာတွေ ခံနေရတဲ့ နိုင်ငံအချင်းချင်း ပူးပေါင်းကြတာလို့ ဝေဖန်ထားကြပါတယ်။