ကျိုက်ထိုမှာ သတင်းသမားနှစ်ဦးအပါအဝင် လေးဦး သတ်ဖြတ်ခံရ

RFA Burmese
2024.08.22
ကျိုက်ထိုမှာ သတင်းသမားနှစ်ဦးအပါအဝင် လေးဦး သတ်ဖြတ်ခံရ စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် သတင်းထောက် ကိုထက်မြတ်သူ (ဝဲ) နှင့် ကိုဝင်းထွဋ်ဦး (ယာ) တို့အား တွေ့ရစဉ်။
Citizen Photo

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာမှာ ဩဂုတ်လ ၂၁ ရက် မနေ့ မနက်က သတင်းသမားတစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာကြောင့် သတင်းသမားနှစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပြကျေးရွာမှာနေထိုင်တဲ့ အလွတ်သတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုထက်မြတ်သူရဲ့ နေအိမ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်နေတယ်ဆိုပြီး သတင်းပေးတိုင်ကြားခံရတာကြောင့် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာပါ။

ဒီပစ်ခတ်မှုကြောင့် အလွတ်သတင်းထောက်တွေဖြစ်ကြတဲ့ အသက် (၂၈) နှစ်အရွယ် ကိုထက်မြတ်သူ၊ အသက် (၂၆) နှစ်အရွယ် ကိုဝင်းထွဋ်ဦး အပါအ၀င် အဲဒီနေအိမ်ကို ရောက်ရှိနေတဲ့ ဒေသခံတစ်ဦးနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

သတင်းထောက် ကိုထက်မြတ်သူဟာ The Voice of Than Phyu Zayat သတင်းဌာနမှာ သတင်းထောက်လုပ်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေ သတင်းရယူနေစဥ် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်မြောက်လာချိန်မှာလည်း သတင်းအလုပ်ကို ဆက်လက်လုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ်။

ကိုဝင်းထွဋ်ဦး ကတော့ DVB သတင်းဌာနနဲ့ The Nation Voice သတင်းဌာနကို ဒေသတွင်း သတင်းတွေကို ပေးပို့ပေးနေတဲ့ သတင်းထောက်တစ်ဦးဖြစ်တယ်လို့ The Nation Voice သတင်းဌာန အယ်ဒီတာချုပ် ကိုနေအောင်က RFA ကို ပြောပါတယ်။

“သတင်းသမားတွေကတော့ မြေပြင်မှာပဲ သတင်းအလုပ်တွေလုပ်ရင်း အချိန်မီ သတင်းမှန်တွေကို ပေးပို့နိုင်ဖို့ ကြိုးစားနေကြရတာပါ။ ဒါကို အာဏာသိမ်းစစ်တပ်က သူတို့ကို တိုက်ခိုက်တယ်လို့ မြင်ပြီး ဆိုးရွားတဲ့ လုပ်ရပ်တွေကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်လာတာပါ”

သေဆုံးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်တွေ စုနေတဲ့ နေအိမ်ကို ၀င်ရောက်စီးနင်းခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း KRF တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တယ်လို့ ရေးသားဖော်ပြကြပါတယ်။

ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူတို့ဟာ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ သတင်းထောက်တွေသာ ဖြစ်တယ်လို့ The Nation Voice သတင်းဌာန အယ်ဒီတာချုပ် ကိုနေအောင် က ပြောပါတယ်။

ဩဂုတ်လ ၂၁ ရက် မနေ့က ကိုထက်မြတ်သူတို့ နေအိမ် စီးနင်းခံရပြီး ထွက်ပြေးချိန် ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖြစ်စဉ် သိရှိသူတစ်ဦးလည်းက RFA ကို ပြောပါတယ်။

“အင်အား သုံးဆယ်လောက်နဲ့ ၀င်ရောက်စီးနင်းခံရတာ။ အိမ်အ၀င်၀မှာ ကိုထက်မြတ်သူက တံခါးဖွင့်နေတဲ့ အချိန်မှာ ကိုထက်မြတ်သူကို အရင်ပစ်တယ်။ ပြီးတော့ ကျင်၀ှက်ဆိုတဲ့အစ်ကိုက ပြတင်းတံခါးက ခုန်ချချိန်မှာ ခြေထောက်ကိုပစ်လိုက်တယ်။ ကိုဝင်းထွဋ်ဦးနဲ့ အဝင်းဆိုတဲ့ ကောင်လေးနဲ့ နောက်ဖေးတံခါးပေါက်ကနေ ခုန်ဆင်းချိန်မှာ နောက်ဖေးမှာပဲ ပစ်သတ်သွားတယ်”

ရုပ်အလောင်းတွေကိုလည်း မိသားစုဝင်တွေကို ပြန်မပေးဘဲ မီးသင်္ဂြိုဟ်လိုက်တယ်လို့ သူက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်ကစလို့ သတင်းသမား ၁၇၆ ဦး မတရား ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအထဲက ငါးဦးသေဆုံးခဲ့ပြီး နောက်ထပ် သတင်းသမား ၅၂ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က နောက်ဆုံးထုတ်ပြန်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အညွှန်းကိန်းတွေအရ မြန်မာနိုင်ငံဟာ သတင်းထောက်တွေ သတ်ဖြတ်ခံရမှု အများဆုံးအဆင့် ၉ မှာရှိပြီး၊ ကမ္ဘာပေါ်မှာ သတင်းထောက်တွေ ဖမ်းဆီးထောင်ချခံရတဲ့ ဒုတိယ အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။