ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို အမြန်ဆုံးကယ်ထုတ်ခွင့်ရဖို့အတွက် ဆန္ဒပြတောင်းဆိုပွဲကို ဒီနေ့မနက်ပိုင်းက မြစ်ကြီးနားမြို့၊ ပြည်နယ် အစိုးရရုံးကြီးဝင်းဘေးမှာကျင်းပခဲ့ပြီး လူဦးရေ ၃၀၀ လောက်ပါဝင်ခဲ့ပါတယ်။
ပြည်နယ်အစိုးရရုံးကြီးဝင်းဘေးမှာ ဆန္ဒပြပွဲပြုလုပ်သလို ဒီနေ့ညဘက်ပိုင်းမှာ သပိတ်စခန်းဖွင့်လှစ်သွားဖို့ ပြင်ဆင် ထားကြောင်း ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီက ဒေါ်နန်ပူ က ပြောပါတယ်။
"အခုချိန်ထိကတော့ ပြီးခဲ့တဲ့ ၁ နာရီလောက်မှာ ရဲမှူးကြီးလာသွားတယ်။ သူတို့မလုပ်နဲ့လို့ ပြောတဲ့နေရာ မှာ ကျမတို့သွားပြီးတော့ ဆန္ဒထုတ်ဖော်နေပါတယ်။ ဖွင့်မှာ အဲဒီနေရာမှာ ညလည်းအိပ်မှာ အဲဒီအစီစဉ် ရှိတယ်။ လူဦးရေက ကျမတို့ ၃၀၀နဲ့ ရာထားတယ်။ အဲဒီနောက်ပိုင်းမှာ ၄၀၀ ဖြစ်သွား၊ ၄၀၀ ကနေ ၅၀၀ ၊၅၀၀ ကနေ ၆၀၀ ခုမနက်ပိုင်းမှာတော့ လူဦးရေက ၇၀၀ ကျော်သွားပြီ ၈၀၀ နီးပါးဖြစ်သွားပြီ။ လူကတော့များသထက် များလာတာပေါ့နော်။"
သပိတ်စခန်းဖွင့်လှစ်ခွင့်ပြုဖို့အတွက် ဦးဆောင်သူတွေက မနေ့ညက မြို့နယ်ရဲစခန်းကို သွားရောက် မေးမြန်း ခဲ့ပေမယ့် မြစ်ကြီးနားမြို့နယ်မှူးက ပြည်နယ်အစိုးရရုံးကြီးဝင်းဘေးမှာ မလုပ်ဘဲ မနောကွင်းမှာသာလုပ်ဖို့ စာနဲ့ ပြောကြားထားတာရှိတယ်လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့က မနောကွင်းဟာ တခြားပွဲတွေပါ ကျင်းပတဲ့နေရာဖြစ်တဲ့အပြင် စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အများပြည်သူတွေသိစေချင်တဲ့အတွက် ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီဘက်က မနောကွင်းမှာ သပိတ်စခန်းမဖွင့်လိုဘူးလို့ ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ မြစ်ကြီးနားမြို့နယ်ရဲစခန်းမှာ ရဲတပ်ဖွဲ့တွေက ကျည်ကာအင်္ကျီတွေ၊ ဒိုင်းတွေ စတဲ့ လုံခြုံရေးဝတ်စုံပြည့်ဝတ်ဆင်ပြီး နေရာယူထားတာတွေရှိသလို သပိတ်စခန်းဖွင့်မယ့် ပြည်နယ်အစိုးရရုံးကြီးဝင်းနဲ့ သုံးဖာလုံအကွာမှာ ရဲကားတွေနေရာယူထားတယ်လို့ ဒေါ်နန်ပူ ကပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မန်ဝန်းကျေးရွာနဲ့ တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာတွေမှာ ဒေသ ခံ နှစ်ထောင်နီးပါး ပိတ်မိနေပြီး ဒေသခံတွေကို ကယ်ထုတ်ရေးအတွက် ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီက ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်တောင်းခံထားပေးမယ့်လည်း လက်ရှိအချိန်အထိ တွေ့ခွင့်မရသေးပါဘူး။
