ကျမ်းစာကောလိပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှု KBC ရှုတ်ချ

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့မှာရှိတဲ့ ခရစ်ယာန်ကျမ်းစာသင် ကောလိပ်ကျောင်းထဲကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကို ဆန့်ကျင်ရှုတ်ချကြောင်း ကချင်နှစ်ချင်းခရစ်ယာန်အသင်းချုပ် (KBC)က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ညပိုင်းက စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျောင်းဝင်းထဲကျရောက်ခဲ့တာကြောင့် စာသင်နေတဲ့ကျောင်းသားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ ကျောင်းပျက်စီးခဲ့ပါတယ်။

ဒီလုပ်ရပ်ဟာ အကြောင်းမဲ့သက်သက် တိုက်ခိုက်မှုဖြစ်ပြီး အလွန်အံ့ဩတုန်လှုပ်ရတယ်လို့ KBC က ဆိုပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလမှာ KIO နှစ်ပတ်လည်ပွဲကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေ၊ ဘာသာရေးဆရာတွေနဲ့ အသင်းသူအသင်းသားတွေအတွက်လည်း ယူကြုံးမရ ဝမ်းနည်းကြောင်း KBC က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေဟာ ခရစ်ယာန်ဘုရားကျောင်း ၅၅ ကျောင်း၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၃၂ ကျောင်းနဲ့ အစ္စလာမ်ဗလီကျောင်း ၅ ကျောင်း စုစုပေါင်း ၉၂ ကျောင်းကို ဖျက်ဆီးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်(ICJ) ရဲ့ အောက်တိုဘာလကုန်ပိုင်းထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။