ကချင်နဲ့ ရှမ်းက ငွေလိမ်လုပ်ငန်းတွေ မြဝတီကို ပြောင်းရွှေ့လာ

RFA Burmese
2024.11.14
ကချင်နဲ့ ရှမ်းက ငွေလိမ်လုပ်ငန်းတွေ မြဝတီကို ပြောင်းရွှေ့လာ ကရင်ပြည်နယ် မြဝတီမြို့နယ် ကျောက်ခက်ကျေးရွာမှ အဆောက်အဦများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလက တွေ့ရစဉ်။
RFA

တရုတ်-မြန်မာနယ်စပ် လောက်ကိုင်၊ လားရှိုး၊ မူဆယ်က တရုတ်နိုင်ငံသားတွေ လည်ပတ်နေတဲ့ ငွေလိမ်လုပ်ငန်းတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ဖမ်းဆီးတဲ့အတွက် အဲဒီက ကျားဖြန့် လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားအတော်များများ ကရင်ပြည်နယ် မြဝတီကို ဒီလထဲ ပြောင်းရွှေ့လာကြပါတယ်။

ရှမ်းပြည်နယ်က ငွေလိမ်လုပ်ငန်းတွေမှာ ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား စတာတွေက လူတွေ သွားရောက်လုပ်ကိုင်ကြပါတယ်။ ဒီလူတွေလည်း ခုတော့ ထိုင်း-မြန်မာနယ်စပ် မြဝတီကို ရွှေ့လာကြပါတယ်။

ဒါကို မြဝတီမှာ လည်ပတ်နေတဲ့ ကျားဖြန့်လုပ်ငန်းတစ်ခုက လုပ်ငန်းကြီးကြပ်သူတစ်ယောက်က ပြောပြပါတယ်။

"သူတို့ ငါးနှစ်အထိ အာမခံထားတယ်၊ နောင် ငါးနှစ်အထိ၊ မိုးညှင်းတို့၊ မိုးကုတ်တို့ဘက်ကဆိုရင် ဒီဘက်မှာ မြို့တောင်နာမည်ပြောင်းလို့ရနေပြီ၊ နည်းတာမဟုတ်ဘူး၊ အများကြီးပဲ၊ ရှိသမျှလူငယ်တွေ အကုန်နီးနီးပဲ၊ ဒီဘက်မှာ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းလောက်က ဒီဘက်မှာကြီးပဲ၊ ကျွန်တော့်အသိထဲမှာ ရန်ကုန်ကနေပြီးတော့ ရောက်လာတဲ့သူတွေ အများကြီးပဲ ဒီဘက်မှာ"

မြဝတီက တရုတ်ငွေလိမ်လုပ်ငန်းတွေ ဖျက်သိမ်းကြဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) က ပြီးခဲ့တဲ့ အောက်တိုဘာလက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ စီမံချက်ကြီးတွေတောင် ချမှတ်ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။

"BGF က အဲ့လိုလုပ်ထားတာ အကြိမ်ရေမှ မနည်းတော့တာ၊ အာဏာသိမ်းပြီးတော့ တစ်နှစ်လောက်တောင် မရှိသေးဘူး၊ စာထုတ်လိုက်၊ အမျိုးမျိုးလုပ်လိုက် လုပ်နေတာ၊ သူတို့က စာတစ်ခါ ထုတ်တယ် လိုချင်တဲ့ပုံစံ၊ ပြီးရင်အကြီးကြီး ပြန်လုပ်တာ သူတို့ ပရောဂျက်ကို အခိုင်အမာချထားတာလေ၊ နိုင်ငံတကာကျောင်း (International school) တွေရော၊ International ဆေးရုံတွေရော အထဲမှာ"

မြို့ပြင်မှာ တိုက်ပွဲတွေဖြစ်ပွားပေမဲ့ ဒုစရိုက်လုပ်ငန်းတွေက အရှိန်မပျက်ဘဲ လည်ပတ်နေတယ်လို့လည်း မြဝတီဒေသခံတစ်ယောက်က ပြောပါတယ်။

"ကျွန်တော်တို့ မြဝတီမှာကတော့ မြို့ပြင်အာရှလမ်းဘက်မှာတို့က တိုက်ပွဲတွေဖြစ်နေပေမဲ့ ကာစီနိုရုံတွေ တရုတ်တွေကတော့ အေးဆေးပဲ၊ လူသစ်ခေါ်တယ်၊ လူတွေကလည်း ဟိုလူထွက် ဒီလူအလုပ်ဝင်လိုက် ပုံစံမျိုးပဲ။ အလုပ်သမားတွေကလေ တချို့က ရွှေကုက္ကိုဘက်ပြောင်းလုပ်တယ်၊ ရွှေကုက္ကိုက လူတွေလည်း မြဝတီဘက်၊ ကျောက်ခက်ဘက်၊ KK Park ဘက် ပြောင်းလုပ်ကြတာမျိုးပဲ၊ သူဌေးကောင်းတဲ့ဆီ လိုက်ပြောင်းလုပ်ကြတာမျိုးပေါ့"

မြဝတီမြို့နယ်မှာ ခုလို ကာစီနိုလောင်းကစား၊ အွန်လိုင်းလောင်းကစား၊ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ BGF စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်ကို ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

မြဝတီမှာသာမက ထိုင်း-မြန်မာနယ်စပ် မဲဆောက်၊ ဆန်ခလဘူရီ၊ ဘုရားသုံးဆူအထိ တရုတ်ငွေလိမ်လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နေပေမဲ့ ဖမ်းဆီးနှိမ်နှင်းတာ မတွေ့ရသေးဘူးလို့လည်း မြဝတီမြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။