ကလေးမြို့နယ်မှာ ဇွန်လအတွင်း လက်နက်ကြီးကြောင့် ခုနစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ကြောင့် ၂၀၂၃ ခုနှစ် ဇွန်လ တစ်လအတွင်း ကလေးငယ်တွေ အပါအဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဇူလိုင်လ ၆ ရက်မှာ RFA ကိုပြောပါတယ်။

သေဆုံး၊ ထိခိုက်သူတွေဟာ ကလေးမြို့ပေါ် ရပ်ကွက်တွေအပါအဝင် ကလေးမြို့နယ် တောင်ပိုင်းက သာစည်၊ စံသာ၊ ထိုမာ၊ ရေလဲဦး စတဲ့ ရွာတွေကဖြစ်ပြီး ကလေးမြို့ အခြေစိုက် တပ်ရင်း - ၃၆၅၊ ခလရ ၂၂၈၊ ဒကစ စစ်ဆေးရေးဂိတ် စတဲ့နေရာတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်မှုက နေ့စဉ်ရှိနေတာကြောင့် အသက်အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“လက်နက်ကြီးက အမြဲ ပစ်နေတာ၊ ညတိုင်းလိုလိုပဲ ကြားနေရတယ်။ မကြားရတဲ့ ညဆိုရင်တောင် နားစွင့်မိနေသေးတာ။ မြို့ထဲ ဒကစ ကလည်း ပစ်တယ်။ ရပ်ကွက်ထဲတို့၊ အိမ်တွေပေါ်ကျတော့ ဒဏ်ရာရပြီး သေတဲ့သူတွေ ရှိတယ်။ အဲဒါဆို ညပိုင်းဆို သတိထားပြီးနေရတယ်”

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးစောနိုင်ကို RFA ကဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

လက်နက်ကြီးတွေ အများဆုံးကျရောက်လေ့ရှိတဲ့ ကလေးမြို့နယ် တောင်ပိုင်းက ရွာတွေမှာတော့ ဗုံးခိုကျင်းတွေ တူးကြဖို့ တိုက်တွန်းထားတယ်လို့ ကလေးမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။

ကလေးမြို့နယ်ဟာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်မှု အားကောင်းတဲ့ဒေသဖြစ်ပြီး မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိသလို စစ်ကောင်စီတပ်ကလည်း ရွာတွေကို စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးပစ်ခတ်နဲ့ ပစ်ခတ်တာတွေ နေ့စဉ်လိုလိုရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။