ကလေးဝမြို့က ဒေသခံ တစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

RFA Burmese
2025.01.03
ကလေးဝမြို့က ဒေသခံ တစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့က တွေ့ရစဉ်။
STR / AFP Photo

စစ်ကိုင်းတိုင်း၊ ကလေးဝ-မဟာမြိုင် လမ်းပေါ်မှာ အောင်ချမ်းသာရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီဇင်ဘာလ ၃၁ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဒေသခံ တစ်ထောင်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောင်းထပ်ထိုးလာမှာ စိုးရိမ်တာကြောင့် အောင်ချမ်းသာရွာနဲ့ နီးစပ်ရာရွာတွေက ဒေသခံ တစ်ထောင်ကျော်ဟာ စစ်ကောင်စီရဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေကြတာပါ။

လတ်တလော တိုက်ပွဲငြိမ်နေပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလာနိုင်တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ကလေး၀ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီဆို အဲဒီနေရာကို သူတို့ဘက်က လေကြောင်းကနေ လာနိုင်တယ်လေ။ မဲမဲမြင်ရာ အကုန်ပစ်နေတော့ အရင်ရှောင်ထားလိုက်တာ။ တောတွေထဲပဲ တိုးပြီးနေနေရတာပေါ့။ နည်းနည်းအေးဆေးသွားရင်တော့ ပြန်မယ်လေ”

ကလေးဝ-မဟာမြိုင်လမ်းကို စစ်ကောင်စီတပ်က အင်အား လေးဆယ်ခန့်နဲ့ စစ်ကြောင်းထိုးလာချိန် အဲဒီလမ်းပိုင်းကို လုံခြုံရေးဆောင်ရွက်နေတဲ့ ကာကွယ်ရေးတပ်တွေနဲ့တိုးပြီး တိုက်ပွဲဖြစ်ခဲ့တာလို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ခရီးသွားကားတွေ လုံခြုံရေးယူဖို့သွားတဲ့ PDF တပ်စိတ်တစ်စိတ်နဲ့ စစ်တပ်တွေ့ပြီး ပစ်ခတ်မှုဖြစ်တာဗျ။ အဲမှာ ကာကွယ်ရေးတပ်ဘက်က ကျဆုံးပြီး နှစ်ဦး ဒဏ်ရာ ရထားတယ်ဗျ။ နာမည်တွေကိုတော့ လုံခြုံရေးအရ ပြောလို့မရသေးပါဘူး”

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို ဇန်နဝါရီ ၃ ရက်နေ့မှာ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ကနေ ကလေးဝမြို့ဘက်ကို စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း အင်အားတိုးချ ပြင်ဆင်နေတာတွေ ရှိနေသလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း ကလေးဝ ချင်းတွင်းမြစ်ကူး တံတားအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အရာရှိ နှစ်ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။