ကလေးမြို့အနောက်တောင်ပိုင်း စီးစံရွာက လူနေအိမ်ပေါ်ကို ဇူလိုင်လ ၁၃ ရက်နေ့ ည ၈နာရီကျော်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဇနီးမောင်နှံ နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
"စီးစံရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲသွားတယ်။ အဲအိမ်က လင်မယားနှစ်ယောက်သေဆုံးတယ်။ ကလေးတစ်ယောက်လည်းဒဏ်ရာရတယ်။ သူ့အိမ်နားက အမျိုးသမီးတစ်ယောက်လည်း ဒဏ်ရာရတယ်"
သေဆုံးသွားသူတွေဟာ အသက် ၂၆ နှစ်အရွယ် ဦးလာလ်ထာလျန်နဲ့ အသက် ၂၃ နှစ်အရွယ် ဒေါ်လာလ်ပက့်လိုစ်ဖြစ်ပြီး သုံးနှစ်အရွယ်သားတစ်ဦး ကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၃ ရက်ည ၁၀နာရီဝန်းကျင်မှာလည်း ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်က နေအိမ်တစ်လုံးပေါ် စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ တာကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ကလေးမြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး စီးစံရွာ၊ ရှားတော၊ စက္ကန့်ရွာတွေထဲကို ခုနစ်ကြိမ်ထက်မနည်း ကျရောက်ပေါက်ခဲ့တာလို့ ဆိုပါတယ်။
စက္ကန့်ရွာက ဒေသခံသုံးဦး၊ စီးစံရွာက ဒေသခံနှစ်ဦးနဲ့ ကြို့သုံးပင်ရပ်ကွက်က ဒေသခံတစ်ဦး စုစုပေါင်း ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်ကို RFA ကဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေနဲ့ နေ့တိုင်းလိုလိုပစ်နေပြီး ကလေးမြို့မှာ ဒီရက်ပိုင်းအတွင်း မြို့ထဲရပ်ကွက်ထဲမှာ မိုင်းပေါက်ကွဲတာ၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ မကြာခဏဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။