စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ ကန်သစ်ရွာကို ဇွန်လ ၁၄ ရက် ဒီနေ့မှာလည်း စစ်ကောင်စီတပ်သားတွေ ငါးကြိမ်မြောက် ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန်သစ်ရွာအပါအဝင် အနီးနားမှာရှိတဲ့ ရွာ ၁၀ ရွာကျော်က ဒေသခံ တစ်သောင်း ဝန်းကျင်လည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ဒေသခံတွေကဆိုပါတယ်။
ခင်ဦးကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ မြို့အနောက်ဘက် လေးမိုင်ခန့်အကွာမှာရှိတဲ့ ကန်သစ်ရွာကို မနက် ၉ နာရီခွဲမှာ ဝင်ရောက်မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ကန်သစ်ရွာထဲကို ဝင်တဲ့အချိန်မှာ မိုင်းနှစ်ခုမိပြီး ၉ နာရီ ၃၁ မိနစ်မှာ မီးစရှို့တာပါ။ ရှို့ပြီးနောက် ကန်သစ်တံတားဆီကို အရောက်မှာ အသင့်စောင့်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ အဲဒီကန်သစ်တံတားနားမှာပဲ စကစက ရှိသေးတယ်။ ဒဏ်ရာရသူတွေကို ခင်ဦးမြို့ကိုပြန်ပို့ဖို့ လုပ်နေတယ်"
စစ်ကြောင်းမထွက်သေးတာကြောင့် ပျက်စီးမှုအခြေအနေကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ဇွန်လ ၁၃ ရက်ညပိုင်းက ခင်ဦးမြို့ကနေ ကန်သစ်ရွာရှိရာ အနောက်ဘက်ခြမ်းကို ရှေ့ပြေးအဖြစ်ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂၀ ခန့်ဟာ မိုးဆွဲခံရတာကြောင့် သေဆုံးမှုအချို့ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောပါတယ်။
လက်ရှိ ကန်သစ်တံတားအနီးမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်ဟာ ခင်ဦး-ရေဦး ကားလမ်းတစ်လျှောက် ကန်သစ်ရွာရဲ့ အနောက်ဘက်ကို စစ်ကြောင်းထိုးလာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကန်သစ်ရွာဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က မီးရှို့ဖျက်ဆီးခံရတာကြောင့် နေအိမ် ၆၃ လုံး၊ မေလ ၁၉ ရက်နေ့မှာ နေအိမ် ၂၆၀ ကျော်၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ နေအိမ် ခုနစ်အိမ် ဇွန်လမှာ နေအိမ် ၅၂ အိမ် စုစုပေါင်းနေအိမ် ၃၈၂ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ပြီဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့နေအိမ်တွေကို ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA ကမေးမြန်းချိန် ငြင်းဆိုထားပါတယ်။