စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်နှစ်ခုမှာ မေလတစ်လအတွင်း ရွာပေါင်း ၁၇ ရွာက နေအိမ် ၆၅၃ လုံး၊ ကျေးလက်ဆေးပေးခန်းနဲ့ စာသင်ကျောင်းဆောင်တချို့ပါ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကျွန်းလှ၊ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ဇွန်လ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ကန့်ဘလူမြို့နယ် ရွာ ၁၃ ရွာက နေအိမ် ၆၂၈ လုံး၊ စာသင်ဆောင်နှစ်ဆောင်နဲ့ ကျွန်းလှမြို့နယ် ရွာလေးရွာက နေအိမ် ၂၅ လုံး၊ ကျေးလက်ဆေးပေးခန်းတစ်ခုနဲ့ စပါးသိုလှောင်ထားတဲ့ စပါးတိုက်သုံးလုံး မီးလောင်ခဲ့တာပါ။
ဒီတစ်လတည်းမှာပဲ စစ်ကြောင်းထိုးဝင်ရောက်ချိန် လက်နက်ကြီးထိမှန်တာနဲ့၊ ဖမ်းဆီးသတ်ဖြတ်တာခံရလို့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူခရိုင်ဟာ စစ်ကောင်စီကိုဆန့်ကျင်မှု အားကောင်းတဲ့ဒေသဖြစ်ပြီး စစ်ကြောင်းလည်း နေ့စဉ်လိုလို ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ကန့်ဘလူခရိုင်မှာ ထူးခြားတာက ပဇီကြီးဖြစ်စဉ်နောက်ပိုင်း စစ်ကြောင်းက တစ်ကြောင်း ဒါမှမဟုတ် နှစ်ကြောင်းလောက်က အမြဲတမ်းစစ်ကြောင်းထိုးနေတာ။ အခုဖြစ်ရပ်တွေက မေလတစ်လတည်း စာရင်းပေါ့နော်။ အခု ဇွန်လထဲမှာဆိုရင်လည်း ရွာတွေမီးရှို့ခံရတာတွေ ဆက်ရှိနေတယ်”
ဇွန်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့မှာလည်း ကန့်ဘလူမြို့နယ်က ဘိုတဲကုန်းနဲ့ ပေကုန်းရွာ တွေကို စစ်ကြောင်း နှစ်ကြောင်းဝင်ရောက်ပြီး နေအိမ် ၄၈ လုံးနဲ့ စပါးတိုက် ၁၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
ရွာမီးရှို့ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်း တိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုတာမရှိသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထား ဖူးပါတယ်။
လွတ်လပ်တဲ့သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးလို့ စစ်ကိုင်းတိုင်းက အရပ်သားပြည်သူတွေရဲ့အိမ် ၄၇,၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။