စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ မြောက်ဘက် ၃၄ မိုင်ဝန်းကျင်က ပေါက်ကုန်းရွာမှာ နေအိမ်နဲ့ အဆောက်အအုံ ၁၀၀ ကျော် မီးရှို့ခံရတယ်လို့ စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။
မတ်လ ၃၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက မီးရှို့ခံရတယ်လို့ ဖော်ပြထားပြီး အိမ် ၇၀ နဲ့ နွားတင်းကုပ် ၃၁ လုံး မီးလောင်ပျက်စီးခဲ့တယ် လို့ ဆိုပါတယ်။
ဒါပေမဲ့ ကန့်ဘလူမြို့နယ်ထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ မတ်လ ၃၀ ရက်နေ့က ပေါက်ကုန်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို နေအိမ်မီးရှို့ခံရတဲ့ ဖြစ်စဉ်မျိုးလည်း မရှိခဲ့ဘူးလို့ ပြောပါတယ်။
ကန့်ဘလူမြို့နယ်ထဲက ဒေသခံတစ်ဦးကလည်း ပေါက်ကုန်းရွာအနီးမှာ စစ်ကောင်စီ စစ်ကြောင်းတစ်ခု ရှိနေတယ်လို့ ပြောပါတယ်။
"ပေါက်ကုန်းက မရှို့ခံရဘူးနော်။ သူတို့ပဲနေမှာပေါ့ ထုံးစံအတိုင်း။ မနေ့ကလည်း ပေါက်ကုန်း၊ အခုလည်း ပေါက်ကုန်းနားမှာ တစ်ကြောင်းရှိနေတယ်"
ကောလင်းမြို့ကနေ ထွက်လာတဲ့ အင်အား ၈၀ ပါ စစ်ကောင်စီ စစ်ကြောင်းဟာ ပေါက်ကုန်းရွာအနီးမှာ တပ်စွဲထားတာလို့ သူက ပြောပါတယ်။
စစ်ကောင်စီကတော့ PDF ကြောင့် အရပ်သား ကိုးဦး ထိခိုက်၊ သေဆုံးခဲ့တယ်လို့ ဖော်ပြ ထားပြီး ဘယ်နှဦး သေဆုံးပြီး၊ ဘယ်နှဦး ထိခိုက်တယ်ဆိုတာကိုတော့ ကွဲကွဲပြားပြား ဖော်ပြထားတာ မရှိပါဘူး။ ဒီ့အပြင် ထိခိုက်သေဆုံးတယ်ဆိုသူတွေရဲ့ နာမည်နဲ့ အသက် တွေကိုလည်း ဖော်ပြထားတာ မတွေ့ရပါဘူး။
ဒီနေ့ ဧပြီလ ၂ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာတော့ ကန့်ဘလူမြို့နယ် ဉာဏ်အင်းရွာကို စစ်ကောင်စီတပ် ဝင်ရောက်ခဲ့ပြီး နေအိမ်မီးရှို့တာတွေ ရှိခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က ဧပြီလ ၂ ရက်မှာ ဖော်ပြထားပါတယ်။
ဒီ့အပြင် လျှော်ဖြူကုန်းရွာကို စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၁၃၇ က အင်အား ၅၀ ပါစစ်ကြောင်းက ဧပြီလ ၂ ရက်မှာပဲ ဝင်ရောက်ခဲ့ပြီး နေအိမ်မီးရှို့မှုတွေရှိခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။