ကနီမှာ ဒေသခံ တစ်သောင်းကျော် မုန်တိုင်းမိုးထဲ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ တစ်သောင်းသုံးထောင်ကျော်ခန့်ဟာ မေလ ၁၄ ရက် ဒီနေ့မနက်အစောပိုင်းကတည်းက မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကနီမြို့နယ်က သပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်က ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ ကျေးရွာအုပ်စု ငါးခုကဖြစ်ပြီး ရွာပေါင်း ၁၂ ရွာခန့် ပါဝင်တယ်လို့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

"မုန်တိုင်းဝင်တဲ့ရက်ကို စစ်ကောင်စီရဲ့ တပ်တွေ ဝင်ရောက်တာပေါ့။ ဒီနေ့ကတော့ ဆိုးဆိုးရွာရွားဖြစ်တယ် ပြောရမယ်။ ဒီနေ့က မိုးတအားရွာတဲ့ အချိန်မှာ အခုလိုမျိုး ဒေသခံပြည်သူတွေက ခက်ခက်ခဲခဲ ပြေးနေရတဲ့ အနေအထားရှိနေတာပါ"

ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်နေတဲ့ မုန်တိုင်းကြောင့် လက်ရှိ ကနီမြို့နယ်ထဲမှာ မိုးသည်းထန်နေသလို ရေကြီးမှုတချို့ ဖြစ်ပေါ်နေတယ်လို့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

ဒီဒေသမှာ မုန်တိုင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အသိပေးနှိုးဆော်တာတွေ မရှိသလို ဒေသခံတွေ ပြောင်းရွှေ့နိုင်ဖို့အတွက် စီစဉ်ပေးတာလည်း မတွေ့ရသေးဘူးလို့ ကိုပြည့်အောင်နိုင်က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မေလ ၁၂ ရက်နေ့က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးမြောက်ရွာမှာ နာရေးတစ်ခုကို PDF နာရေးလို့ ယူဆပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ မိန်းကလေးနှစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက်မှာတော့ ကနီမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာလို့လည်း ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရကို ဆက်သွယ်လို့မရသေးပါဘူး။

ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံကြားကို ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး မြန်မာနိုင်ငံ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တွေကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒီနေ့ မေလ ၁၄ ရက်နေ့ မနက် ၈ နာရီခွဲမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာလည်း စစ်ကောင်စီ စစ်ကြောင်းကြောင့် ရွာပေါင်း ကိုးရွာက ဒေသခံ လေးထောင်ကျော်ဟာ မိုးထဲလေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။