ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်၊ မဆာတွီရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၁၈ ရက် ဒီနေ့မနက် ၁၁ နာရီကျော်မှာ ဂျက်တိုက်လေယာဉ်နဲ့ လေးကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်နဲ့ ဘုရားကျောင်းတစ်ကျောင်းပျက်စီးပြီး ဒေသခံတစ်ထောင်ခန့် ထွက်ပြေးနေရတယ်လို့ ကန်ပက်လက် ဒေသခံတွေက ပြောပါတယ်။
လေကြောင်းအန္တရာယ်ကြောင့် အိမ်ခြေ တစ်ရာကျော်ရှိတဲ့ မဆာတွီရွာက ဒေသခံတစ်ထောင်ခန့် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"မနေ့ညက ကျွန်တော်တို့ရွာ အနီးနားမှာ စကစနဲ့ ကန်ပက်လက် CDF တို့ တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်ပိုင်း ၁၀ နာရီကျော်ကျော်လောက်ကစပြီး လေယာဉ်နဲ့ စကစက ဗုံးကြဲတာ ငါးလုံးခြောက်လုံးလောက်ဖြစ်မယ်။ အခုကျွန်တော်တို့ ရွာကလူတွေ လေယာဉ်ကြောက်လို့ ထွက်ပြေးနေရတယ်။ ရွာကို ခဏရှောင်ရတာပေါ့။"
ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်ရဲ့ စစ်ကောင်စီ ပြောခွင့်ရ ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့စာရင်းအရ ချင်းပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း တစ်သိန်းကျော်ရှိနေပြီး ပြည်တွင်းမှာ ခြောက်သောင်းကျော်နဲ့ ပြည်ပမှာ ခြောက်သောင်းကျာ်ရှိပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄၄ ဦး သေဆုံးခဲ့ပါတယ်။