ကန့်ဘလူက ရွာသုံးရွာမှာ နေအိမ်တစ်ရာကျော် ထပ်မံမီးရှို့ခံရ

RFA Burmese
2024.11.10
ကန့်ဘလူက ရွာသုံးရွာမှာ နေအိမ်တစ်ရာကျော် ထပ်မံမီးရှို့ခံရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အတွင်းရှိ ရွာများ မီးလောင်နေသည့်မြင်ကွင်းအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က တွေ့ရစဥ်။
Facebook/ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အနီးက ရွာသုံးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၉ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး မီးရှို့သွားတာကြောင့် နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးပြီး ဒေသခံတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကန့်ဘလူ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကန့်ဘလူမြို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ၆၀၀၆ တပ်ရင်းက အင်အား တစ်ရာကျော်ရှိတဲ့ စစ်ကြောင်းဟာ နိုဝင်ဘာ လဆန်းပိုင်းကတည်းက မြို့အနီးအနားက ရွာတွေကို စစ်ကြောင်းထိုးနေသလို လူငယ်တွေကို ဖမ်းဆီးပြီး ပြည်သူ့စစ်စုဆောင်းမှုတွေ လုပ်နေတာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၉ ရက် မနေ့က သပြေသာရွာအနီးမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေ ရှိတာကြောင့် သပြေသာ၊ ကျောင်းကုန်းနဲ့ ဖိုကုန်းရွာတွေကို မီးရှို့ဖျက်ဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မီးရှို့ခံရတာတော့ အခု လတ်တလောအနေနဲ့ကတော့ ကျွန်တော်တို့ ကျောင်းကုန်းရယ်၊ ဖိုကုန်းရယ်၊ သပြေသာရယ် သုံးရွာကတော့ မနေ့က မီးရှို့တယ်။ အိမ်ခြေကတော့ သုံးရွာပေါင်းဆိုရင် တစ်ရာကျော်မယ်။ တိမ်းရှောင်နေရတဲ့ ဒေသခံကတော့ တစ်ထောင်ကျော် ရှိတယ်”

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဇီးကုန်းမြို့အပြင် အနီးအနားက ရွာတွေဖြစ်တဲ့ သပြေသာ၊ ကျောင်းကုန်း၊ ဖိုကုန်း၊ မင်းဘာ၊ သရက်ကန်ကြီး၊ နဂါးပေါ်ရွာက ဒေသခံတွေလည်း နိုဝင်ဘာ ၅ ရက်နေ့ကစပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီစစ်ကြောင်းဟာ ဇီးကုန်းမြို့က အမှတ် (၁) သကြားစက်အတွင်းမှာ အင်အားနှစ်ရာခန့်နဲ့ တပ်စွဲအထိုင်ချတပ်စွဲထားပြီး လူလတ်ပိုင်းနဲ့ လူကြီးပိုင်းအရွယ် ဒေသခံအမျိုးသား ငါးဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က နိုဝင်ဘာ ၁၀ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ကလည်း အဲဒီစစ်ကြောင်းဟာ ဇီးကုန်းမြို့ရဲ့ လက်ဆည်ရပ်ကွက်က နေအိမ် ခြောက်ဆယ်ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၄ ရက်နေ့အထိ ခြောက်ရက်အတွင်း ကျီစု၊ ကျောက်တိုင်နဲ့ ဝက်တိုးရွာတွေက နေအိမ် ရှစ်ရာနီးပါး မီးရှို့ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။