ဘားအံမှာ ရေထပ်ကြီးလို့ ရေဘေးဒုက္ခသည်တိုး

ကရင်ပြည်နယ် ဘားအံမြို့မှာ ဒုတိယအကြိမ် ရေပြန်တက်လာတာကြောင့် ရေဘေးဒုက္ခသည် ရှစ်ထောင်ကျော်အထိ ရှိလာပြီး တခြားဒုက္ခသည်စခန်းတွေမှာ ဘာသာခြားတွေ နေထိုင်ရေး အခက်အခဲရှိတဲ့အတွက် မိုးလုံလေလုံ အားကစားရုံမှာပဲ ကြပ်ကြပ်တည်းတည်း နေထိုင်ရတယ်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေး ဝန်ကြီးက ပြောပါတယ်။

လက်ရှိ ရေဘေးဒုက္ခသည်တွေ နေထိုင်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေး ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက အခုလို ပြောပါတယ်။

"ဝန်ကြီးတို့မှာ နည်းနည်းအခက်အခဲလေး ရှိတာတော့ အားကစားရုံ နေရာကောင်းတဲ့နေရာမှာ ဘုန်းကြီးကျောင်းတွေကိုရွှေ့ခိုင်းရင် ဘာသာခြားတွေဆို မပြောင်းဘူးပေါ့နော်၊ ဘာသာခြားတွေကျတော့ ဘုန်းကြီးကျောင်းမှာနေဖို့ သိပ်အဆင်မပြေလို့ အစ္စလာမ်ဘာသာတွေ ဆိုလို့ရှိရင်တော့ မိုးလုံလေလုံ အားကစားရုံမှာဆိုတော့ မိုးလုံလေလုံနေရာလေး တစ်နေရာတော့ နည်းနည်းကြပ်တယ်၊ သူတို့က ပြောင်းခိုင်းရင်လည်း မပြောင်းဘူး၊ ဘာဖြစ်လို့ မပြောင်းဘူးလဲဆိုတော့ စောစောကပြောသလိုဘဲပေါ့နော် အိမ်နဲ့လည်း ဝေးတာပါတယ် နောက်ပြီးတော့ ဘုန်းကြီးကျောင်းဆိုတော့ သူတို့ဘာသာခြားတွေ နေရထိုင်ရတာ သူတို့မနေတတ်ဘူးဖြစ်မယ်ပေါ့၊ အဲဒါကြောင့် သူတို့ မပြောင်းဘူး ဆက်လက်ပြီးတော့ နေကြတာပါ၊ အခု ဘားအံမှာ လက်ရှိအကြပ်ဆုံးနေရာကတော့ ပြောရရင်တော့ မိုးလုံလေလုံအားကစားလေး နည်းနည်းကြပ် တယ်ပေါ့၊ ဒီလောက်ပါပဲ ကျန်တဲ့နေရာတွေ အကုန်လုံး အဆင်ပြေတယ်"

လက်ရှိ ဘားအံမြို့မှာ ရေဘေးဒုက္ခသည် ရှစ်ထောင်ကျော်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခုဖွင့်လှစ် ထားပြီး လိုအပ်တဲ့ ဆေးဝါးတွေကို အစိုးရအဖွဲ့ဝင်တွေ၊ လူမှုရေးအဖွဲ့တွေနဲ့ တပ်မတော်တို့ ပူးပေါင်းလုပ်ဆောင်နေ တယ်လို့ ပြောပါတယ်။

သံလွင်မြစ်ရေဟာ စတက်တဲ့နေ့က စိုးရိမ်ရေမှတ်ကျော် အထိရှိခဲ့ပေမယ့် ဒီနေ့ညနေပိုင်းမှာ အနည်းငယ်ကျဆင်း သွားတယ်လို့ ဦးတေဇထွဋ်လှိုင်ထွေးက ပြောပါတယ်။

ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ဘားအံ၊ ဖာပွန်၊ လှိုင်းဘွဲ့၊ မြဝတီ စတဲ့မြို့တွေမှာ ဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို ရေပြန်ကျချိန်မှာလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။