မုံရွာတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း စီးနင်းပစ်ခတ်မှုမှာ အရပ်သား အပါအဝင် ခုနစ်ဦးသေဆုံး

(ပလဖ) စခန်းအပါအဝင် နေရာ သုံးခု စီးနင်းပစ်ခတ်ခံရပြီး အရပ်သားနှစ်ဦး အပါအဝင် ခုနစ်ဦး သေဆုံး။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင်း အထိုင်ချထားတဲ့ ပြည်သူ့လုံခြုံရေး(ပလဖ) အဖွဲ့စခန်းအပါအဝင် နေရာ သုံးခုကို NUG လက်အောက်ခံ တပ်ရင်းတချို့က ဇွန်လ ၂၉ ရက်နေ့မှာ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာကြောင့် အရပ်သားနှစ်ဦး အပါအဝင် ခုနစ်ဦး သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

စီးနင်းပစ်ခတ်မှုဖြစ်ပြီးနောက် မုံရွာ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) တာဝန်ခံ ကိုအာကူး ဒဏ်ရာတွေနဲ့အတူ ပျောက်ဆုံးနေပြီး ထိခိုက်ဒဏ်ရာရထားသူတွေအပါအဝင် ပလဖတပ်ဖွဲ့ဝင် အားလုံးနီးပါး ရှောင်တိမ်းနေကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက RFA ကို ပြောပါတယ်။

“စီးနင်းတဲ့အထဲမှာတော့ တပ်ရင်း ၂၂၊ ၂၃၊ ၂၄၊၂၅၊ ၂၈ ရင်း ငါးရင်းပါတယ်။ 5+လို့ ခေါ်တယ်။ အထူးစပယ်ရှယ်ဖွဲ့ထားတာမျိုးလိုပေါ့နော်။ စီးနင်းမှုပြီးတော့ ပလဖတာဝန်ခံ ကိုအာကူးက သေဆုံးတယ်လို့ သတင်းထွက်ပေမဲ့ အခု မသေဘူး ဒဏ်ရာရတယ်ပဲ ကြားတယ်။ ဒါပေမဲ့ ဘယ်မှာလဲဆိုတာတော့ မသိကြဘူးဗျ”

ဒီစီးနင်းမှုအတွင်း ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦးနဲ့ ပလဖစခန်းမှာ ထိန်းသိမ်းထားတဲ့ အချုပ်သားတစ်ဦး၊ နောက်ထပ် အရပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာမြို့နယ် ပလဖတာဝန်ခံ ကိုအာကူးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က မုံရွာမြို့ပေါ်မှာ ဖြစ်ခဲ့တဲ့ ဓားပြတိုက်မှုမှာ ကျူးလွန်သူတွေကို ဖမ်းဆီးစစ်ဆေးစဉ် လူမှုကွန်ရက်စာမျက်နှာက တဆင့် တိုက်ရိုက် ထုတ်လွှင့်ခဲ့တဲ့အတွက် တော်လှန်ရေးအသိုင်းအဝိုင်းကြား သဘောထားကွဲလွဲခဲ့ကြပြီး မကျေလည်မှုတွေ ရှိခဲ့ကြတယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်အတွင်း တော်လှန်ရေးတပ်တွေ အချင်းချင်းစီးနင်းပစ်ခတ်မှုနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဒုတိယဝန်ကြီး ဦးကျော်နီကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။