ကြာအင်းဆိပ်ကြီးမြို့နယ် ကွီလုံတိုင်စခန်းကို ရိက္ခာနဲ့ ခဲယမ်းလာပို့တဲ့ စစ်ကြောင်းကို KNLA နဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F စစ်ကြောင်း ၁ တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် သုံးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီး မြို့နယ်က ကွီလုံတိုင်စခန်းကို ရိက္ခာနဲ့ ခဲယမ်းတွေ ပို့ဆောင်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA နဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F စစ်ကြောင်း ၁ တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ S.O.F တာဝန်ခံ ကိုအောင်စံရှားက ပြောပါတယ်။
“၃ ရက်နေ့ ကျွန်တော်တို့ မနက်အစောကြီးမှာ မနက် အစောကြီးမှာ ထိပ်တိုက်တွေ့တယ်ပေါ့။ ကျွန်တော်တို့ မြေပြင်မှာ စစ်ကြောင်းမှူးကို ရွေးပြီးတော့ စနိုက်ပါ ၂ လက်နဲ့ ပစ်တာပေါ့ အဲဒီမှာ စစ်ကြောင်းမှူးကတော့ ရင်ဘတ်တည့်တည့် ထိပြီးတော့ စစ်ကြောင်းမှူးက နေရာမှာပဲ သေသွားတယ်ပေါ့ စစ်ကြောင်းမှူးကို သယ်ပြီးတော့ သူတို့ပြန်ဆုတ်တယ်။ သူတို့ဘက်က နောက်ထပ် နှစ်ယောက်သေဆုံးတယ်ပေါ့နော် ညနေမှောင်ရီပျိုးတဲ့အချိန် ချောင်းကူးပြီးတော့ ထိုင်းဘက်အခြမ်း ထွက်ပြေးသွားတယ်ပေါ့။ ”
၂ဝ၂၃ ခုနှစ် ဇွန်လ ၃ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး အင်တာနက်အခက်အခဲကြောင့် ဇွန်လ ၁၃ ရက်နေ့မှ ထုတ်ပြန်တာလို့ သူက ဆိုပါတယ်။
တိုက်ပွဲကတော့ ဇွန်လ ၃ ရက်နေ့ မနက် ၅ နာရီခွဲကနေ ညနေ ၆ နာရီအထိ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA ဝါရှင်တန်ဒီစီရုံးက ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။
အဲဒီတိုက်ပွဲမှာ KNLA နဲ့ S.O.F ပူးပေါင်းအဖွဲ့က ငါးဦး ဗုံးစထိမှန်ခဲ့ပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ပြောပါတယ်။
KNLA အနေနဲ့ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ်နဲ့ အမှတ် ၈ လမ်းမကြီးတလျှောက် သွားလာနေတဲ့ ခရီးသွားယာဉ်တွေ၊ ပြည်သူတွေအနေနဲ့ KNLA ရဲ့ စစ်ဆေးမှုကို လက်ခံဖို့၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ခရီးအတူမသွားဖို့၊ စစ်ကောင်စီရဲ့ ပစ္စည်းနဲ့ လူတွေ မတင်ဆောင်ဖို့လည်း ဇွန်လ ၁၅ ရက်နေ့က သတိပေးထုတ်ပြန်ထားပါတယ်။