သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတာ နိုင်ငံတော်လုပ်ကြံမှုလို့ ကရင်ဝန်ကြီးချုပ်ပြော
2021.02.03
သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတာ နိုင်ငံတော်လုပ်ကြံမှုလို့ ကရင်ဝန်ကြီးချုပ်ပြော
~~~~~~~~
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
■ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံနေရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်အစိုးရက တရားစွဲဆိုခဲ့တာဟာ နိုင်ငံတော်လုပ်ကြံမှုဖြစ်တယ်လို့ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို စစ်တပ်က သူမရဲ့ ကိုယ်ပိုင်အိမ်ကို ပြန်ခွင့်မပြုဘဲ ငါးနှစ်ကြာနေထိုင်ခဲ့တဲ့ လက်ရှိအစိုးရနေအိမ်မှာပဲ ဆက်လက်နေထိုင်ဖို့ ညွှန်ကြားထားပါတယ်။ ဒေါ်နန်းခင်ထွေးမြင့်က နိုင်ငံတော် သမ္မတဦးဝင်းမြင့် နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဏာသိမ်းစစ်အစိုးရက တရားစွဲလိုက်တာဟာ နိုင်ငံတော်လုပ်ကြံမှုပဲလို့ ဝေဖန်ပြောကြားရင်း NLD လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့တွေပေးထားတဲ့ တာဝန်ကို ပီပီပြင်ပြင် ထမ်းဆောင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
"ကျမတို့ခေါင်းဆောင်တွေကို အခုလို တရားစွဲတာတို့ ဘာတို့က ဒါလုပ်ကြံမှုပဲ နိုင်ငံတော် လုပ်ကြံမှုပဲလို့ ကျမ သတ်မှတ်တယ်။ အဲဒီလုပ်ကြံမှုကို ကျမတို့ဆီကလူတွေက ဒီလိုဘဲ ကြည့်နေလို့မဖြစ်ဘူး ပြည်သူကတော့ တော်တော် ကျမတို့ဘက်က ထောက်ခံ ရပ်တည်နေပြီ။ ကျမတို့ ပါတီဝင်တွေဆိုတာထက် လွှတ်တော် ကိုယ်စားလှယ်တွေပေါ့နော်၊ ခုလောလောဆယ် တာဝန်အရှိဆုံးကတော့ စုစုစည်းစည်းရှိနေတဲ့ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက တာဝန် အရှိဆုံးပဲ။ ကျမကတော့ အသံသာပြောနိုင်တာ ကျေးဇူးတောင်တင်ရဦးမယ် အသံလေး ပြောရလို့ ၊ ကျမ ကျန်တာ ဘာမှ လုပ်လို့မှ မရသေးတာ။ တယောက်နဲ့တယောက် တွေ့နေရတယ် အင်အားလဲရှိတယ်၊ တယောက်ထဲ နှစ်ယောက်ထဲ တွေ့နေရတာ မဟုတ်ဘူး၊ ရာနဲ့ချီရှိတဲ့ အင်အား လူထုအတွက်လဲ အင်အားဖြစ်ပါတယ်။ ကျမတို့က ဒီအချိန်မှာ ဘာကို ကြောက်နေကြတာလဲ၊ ဘာကိုစွန့်လွှတ်ရမှာ ဝန်လေးနေကြတာလဲ၊ ပြတ်ပြတ်သားသား ဆောင်ရွက်ရမှာကို ကျမတို့ တွေဝေနေဖို့ အချိန်မရှိဘူး။ ဘာလုပ်မလဲ လုပ်မဲ့ဟာကို ပြောစမ်းပါ၊ ပြည်သူက နားထောင်နေပါတယ်။ အင်အားရှိတဲ့နေရာကနေ အင်အားထုတ်မပြတော့ ကျန်တဲ့သူတွေက ချောင်ထဲမှာ ပိတ်မိနေတာလေ ကျမတို့က ဘာမှဆောင်ရွက်လို့မရဘူး။ ကျမဖြစ်စေချင်တာက တခုခု လူထုကျေနပ်အောင် လူထုပေးထားတဲ့မဲကို ကျမတို့က အလေအလွင့်မဖြစ်အောင် သူတို့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်အောင် ကျမတို့ တခုခု စွန့်စားရမယ်လို့ ထင်တယ်"
တဆက်တည်းမှာပဲ လက်ရှိ အကြမ်းမဖက်လှုပ်ရှားမှုတွေအတွက် ပြည်သူလူထုကို ကျေးဇူးတင်ကြောင်း ဒေါ်နန်းခင်ထွေးမြင့် က ပြောပါတယ်။
"အခု ကျမတို့ အမျိုးသားဒီမိုကရေစီ က ဦးမဆောင်နိုင်ဘဲနဲ့ ပြည်သူကနေပြီး သူတို့ရဲ့တုံ့ပြန်မှုကို ကျမ လက်ခံတယ်။ အကြမ်းလဲ မဖက်ဘူး။ ကျမတို့ခေါင်းဆောင် လိုချင်တဲ့ ဆန္ဒနဲ့လည်း ကိုက်ညီတယ်။ သူတို့ရဲ့ ဆန္ဒတွေကို ဖော်ထုတ်ကြတယ်။ ဖယောင်းတိုင်ထွန်းတာတို့ ၊ အနီလေးတွေ ပြတာတို့၊ သက်ဆိုင်ရာ သက်ဆိုင်ရာ ဝန်ထမ်းတွေက အစ၊ ဝန်ထမ်းတွေဆိုတာက သူတို့မှားသွားရင် အလုပ်ပြုတ်မှာလေ။ သူတို့တွေကအစ ဦးဆောင်နေကြပြီ၊ ကျမ ကျေးဇူးတင်တယ်။ သူတို့ရဲ့ အသိစိတ်ဓာတ် ပြီးတော့ ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ဆောင်ရွက်နေတာလဲ ကြားရတယ်။ ကျေးဇူးတင်ပါတယ် အားလုံးကို"
ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က သူမကို လက်ရှိအစိုးရနေအိမ်မှာပဲ ဆက်လက်နေထိုင်ဖို့ စစ်အစိုးရက ဘာကြောင့်ခုလို ညွှန်ကြားထားတယ်ဆိုတာကို မသိပါဘူး။ သူမကို တရားစွဲဖို့ စီစဉ်နေတာလည်း ဖြစ်နိုင်ပါတယ်လို့ RFA ကိုပြောပါတယ်။ အခုလို ဒေါ်နန်းခင်ထွေးမြင့် ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး စစ်အစိုးရပိုင်တွေထံက တုံ့ပြန်ပြောကြားချက်ကို လတ်တလော မရနိုင်သေးပါဘူး။