KNU တပ်မဟာ ၃ နယ်မြေမှာ လက်နက်ကြီးကြောင့် အရပ်သား ၁၄၀၀ ကျော် တိမ်းရှောင်နေရ
2023.07.03
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ မုန်း (မူး) မြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရပြီး လူ ၁၄၀၀ ကျော် ထွက်ပြေးနေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ရေတွင်းကုန်း၊ ဥသျှစ်ကုန်းနဲ့ အုန်းပင်စုရွာတွေအတွင်းကို လက်နက်ကြီး ၃၂ လုံးထိ ပစ်ခတ်ခဲ့ပြီး ရေတွင်းကုန်းရွာက အသက် ၄၂ နှစ်အရွယ် စောစိုးမိုးခိုင်နဲ့ အသက် ၃၀ အရွယ် စောခါဒူတို့ ဒဏ်ရာရတဲ့အပြင် နေအိမ် လေးလုံးနဲ့ နွားတဲ တစ်လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အဲဒီရွာသုံးရွာမှာရှိတဲ့ အိမ်ခြေ ၂၉၁ လုံးက ဒေသခံ ၁၄၅၆ ဦး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကတော့ သူ့အနေနဲ့ လုံခြုံရေးဆိုင်ရာ သတင်းတွေကို မသိရှိကြောင်း ဒီသတင်းတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနဲ့ ရဲမှူးကြီးတို့ကိုသာ မေးမြန်းဖို့ ပြောဆိုပါတယ်။
ဇွန်လ ၃၀ ရက်နေ့ကလည်း မြဝတီနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်တာတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ အရပ်သား ခြောက်သိန်းလောက် ထွက်ပြေးနေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)ရဲ့ တာဝန်ရှိသူ စောနန္ဒဆူးက ဇွန်လ တတိယပတ်မှာ RFA ကိုပြောထားပါတယ်။