ကရင်နီဒုက္ခသည်တွေ ဆေးဝါးလိုအပ်နေ
2024.10.08
ကယားပြည်နယ်(ကရင်နီ) မှာ ရေကြီးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးတင်ပို့ဖို့ ခက်ခဲနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးအကူအညီတွေလိုအပ်နေပေမယ့် စစ်ကောင်စီက ပြည်တွင်းကနေ ဆေးဝါးသယ်တာကို တားမြစ်ထားသလို ထိုင်းနိုင်ငံဘက်မှာလည်း ရေကြီးနေတာကြောင့် ဆေးဝါးသယ်ယူဖို့ ခက်ခဲနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
“အထူးသဖြင့် ဆေးဘက်ဆိုင်ရာဝယ်တဲ့နေရာမှာ တအားကြီးအခက်အခဲဖြစ်တယ်။ ပြည်တွင်းမှာဆိုလည်း စကစကတအားလမ်းတွေပိတ်တော့ ဝယ်ရပြုရတာအဆင်မပြေဘူး။ လိုချင်သလောက်မရဘူး။ ထိုင်းဘက်ကနေလည်း လမ်းတအားဆိုးတော့ ပို့ဆောင်တဲ့နေရာမှာ တော်တော်လေးအခက်အခဲဖြစ်တော့ အဆင်မပြေဘူးဖြစ်နေတာပေါ့”
ရေကြီးပြီးနောက် စစ်ဘေးဒုက္ခသည်စခန်းတွေက ကလေးငယ်တွေမှာ အရေပြားရောဂါတွေ ဖြစ်ပွားနေပေမဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဆေးဝါးအလုံအလောက်မရှိသလို နယ်လှည့်ဆေးကုသရေးအဖွဲ့တွေလည်း နေရာစုံ မရောက်နိုင်ဘဲ ဖြစ်နေပါတယ်။
ကရင်နီပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးအကူအညီတွေလိုအပ်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ကယားပြည်နယ် ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ရေဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးဒုက္ခသည်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို လိုအပ်တဲ့ နေရာဒေသအထိ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ကူညီပို့ဆောင်ပေးနေပေမယ့် ဆေးဝါးလိုအပ်ချက် များနေဆဲပဲလို့ ကူညီပေးနေသူတွေက ပြောပါတယ်။