ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကစပြီး ကယားပြည်နယ်၊ မယ်စဲ့မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ PDF ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ၃၃၄၂ ဦးကို ထိုင်းနိုင်ငံက ကယ်တင်ထားတယ်လို့ ဒီကနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF၊ ကရင်နီတပ်မတော် KA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို ဇွန်လ ၁၃ ရက် မနက်အစောပိုင်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေစတင်ခဲ့တာပါ။
တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေကို မဲ့ဟောင်ဆောင်ပြည်နယ် နယ်စပ်စစ်ဆင်ရေးဌာနက ကယ်တင်ထားတာလို့ မဲ့ဟောင်ဆောင်ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးဌာနဟာ အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ထိုင်းတော်ဝင်လေတပ်ရဲ့ ကင်းထောက်လေယာဉ်တွေကိုလည်း လိုအပ်တဲ့အချိန် အဆင်သင့်ရှိဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံ၊ ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲဖြစ်နေတဲ့ နှစ်ဖက်က ဘယ်တပ်ဖွဲ့နဲ့မှ ပတ်သက်တာ၊ ထောက်ပံ့တာ မရှိသလို အဲဒီတိုက်ပွဲကြောင့် အခုချိန်ထိတော့ ထိုင်းနယ်စပ်ဒေသကို သက်ရောက်မှုမရှိသေးဘူးလို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်ပွားရာ နယ်စပ်ဒေသတွေကို ခရီးမသွားကြဖို့ ထိုင်းနိုင်ငံသားတွေကို တားမြစ်သတိပေးထားကြောင်း မဲ့ဟောင်ဆောင်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။